ဘဝမှာ စိတ်ချမ်းသာပျော်ရွှင်ဖို့က အရေးအကြီးဆုံးပါပဲ။ ဒီလို စိတ်ချမ်းသာပြီး ပျော်ရွှင်နိုင်ဖို့အတွက်ဆိုရင် ဒီအရာ ၅ ခုကိုတော့ သေချာပေါက် စွန့်လွှတ်သင့်ပါတယ်။

ကိုယ့်ကိုမပျော်ရွှင်စေတဲ့အရာ

ကိုယ့်ကိုမပျော်ရွှင်စေတဲ့ အရာမှန်သမျှကို ပြတ်ပြတ်သားသားနဲ့ စွန့်လွှတ်နိုင်ရင် စိတ်ချမ်းသာပြီး ပျော်ရွှင်ရမှာပါပဲ။ ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်ဖန်တီးယူလို့ရတဲ့ အရာတစ်ခုပါ။ Relationship နဲ့ပတ်သက်ရင်လည်း ကိုယ့်အတွက် မပျော်ရွှင်ရရင် စွန့်လွှတ်လိုက်ပါ။ ခံစားရမှာက ခဏပါပဲ။ သူများဆီကနေလည်း ဘာကိုမှမမျှော်လင့်ပါနဲ့။ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင် အရင်ဆုံးစိတ်ဆင်းရဲရမှာက ကိုယ်တိုင်ပါပဲ။

အတိတ်ဆိုးတွေ

ကိုယ့်မှာရှိနေတဲ့ အတိတ်ဆိုးတွေကို မစွန့်လွှတ်နိုင်သေးရင် ပျော်စရာရှိရင်တောင် အပြည့်အဝပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ အတိတ်ဆိုးတွေကြောင့် ကိုယ့်ကိုယ်ကို နစ်မွန်းမခံပါနဲ့။ ဖြစ်ခဲ့တာတွေကို အတိတ်မှာပဲထားခဲ့ပြီး ပျော်စရာတွေနဲ့ပဲ ဖြတ်သန်းဖို့စဉ်းစားပါ။ မကောင်းတာတွေကို ပြန်တွေးနေလို့လည်း စိတ်ဆင်းရဲပြီး နာကျင်ရတာပဲ အဖတ်တင်ပါတယ်။ ဒါကြောင့် အတိတ်ဆိုးတွေကို အပြီးတိုင် စွန့်လွှတ်လိုက်ပါ။

မုန်းတီးစိတ်

ကိုယ့်အပေါ်မကောင်းခဲ့တဲ့ ရည်းစားဟောင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ အပေါ်မှာလည်း မုန်းတီးပြီး ဒေါသတွေ၊ လက်စားချေချင်စိတ်တွေ ထားမနေပါနဲ့တော့။ ကိုယ့်စိတ်ပဲ ပူလောင်ရပါတယ်။ အကောင်းဆုံးက ကိုယ့်အပေါ်မကောင်းခဲ့တဲ့သူတွေကို လစ်လျှူရှုပြီး ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ထပ်ပြီးလည်း မပတ်သက်ပါနဲ့တော့။ ဒီလိုမုန်းတီးစိတ်တွေကို စွန့်လွှတ်လိုက်ရင် ကိုယ်တိုင်လည်း စိတ်ချမ်းသာရပါလိမ့်မယ်။

မကောင်းမြင်စိတ်များနေတာတွေ

လူတိုင်းအပေါ်မှာ မကောင်းမြင်စိတ်တွေ များနေရင် ကိုယ်အရင်ပူလောင်ရတယ်၊ ဒေါသထွက်ရပါတယ်။ စိတ်ညစ်နွမ်းရပါတယ်။ မကောင်းတဲ့အတွေးတွေပဲ ခေါင်းထဲရောက်နေရင်လည်း ကိုယ်ပဲ စိတ်ပင်ပန်းရပါတယ်။ ဒါကြောင့် မကောင်းမြင်စိတ်တွေကို စွန့်လွှတ်ပြီး အရာရာကို အကောင်းမြင်စိတ်ထားကြည့်ပါ။ ကိုယ့်ကိုယ်ကိုလည်း အပြစ်တွေမမြင်ပဲ အကောင်းမြင်စိတ်လေး ထားပြီးနေပါ။ ကိုယ့်ကိုယ်ကိုချစ်ပါ။ ဒါဆိုရင်ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်တွေလည်း လျော့နည်းသွားပြီး ပျော်ရွှင်ရမှာပါ။

ကိုယ့်ကိုမချစ်တဲ့သူတွေ

ကိုယ့်ကိုမချစ်တဲ့သူတွေကို မစွန့်လွှတ်နိုင်ရင်တော့ အမြဲစိတ်ဆင်းရဲပြီး ဝမ်းနည်းနေရမှာပါ။ ကိုယ့်ကိုမချစ်တဲ့သူကို မျှော်လင့်နေမယ့်အစား ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ပဲ ပျော်ပျော်ရွှင်ရွှင်နေသင့်ပါတယ်။ ဘဝမှာ စိတ်ချမ်းသာပျော်ရွှင်ဖို့အတွက် ကိုယ့်ကိုမချစ်တဲ့သူတွေကိုလည်း ဘဝထဲကနေ အပြီးတိုင် စွန့်လွှတ်နိုင်ရပါမယ်။