မင်္ဂလာပါနော်။ Kpop Idol တွေဆိုတာ သူတို့ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို အမြဲအချိုးအစားကျပြီး Perfect ဖစ်နေအောင် ထိန်းသိမ်းတတ်ကြသူတွေပါ။ Kpop ပရိသတ်တွေနဲ့မစိမ်းတဲ့ တစ်ကိုယ်တော်အဆိုတော် Somi ၊ “Twice” အဖွဲ့ဝင် Momo တို့ဟာဆိုရင် 11 Line Abs လို့ခေါ်တဲ့ ကြွက်သားအမြှောင်းတွေထင်းနေတဲ့ ဗိုက်ချပ်ချပ်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ သူတို့ရဲ့ အံ့သြစရာကောင်းအောင် ကျစ်လျစ်တဲ့ ခန္ဓာကိုယ်အချိုးအစားက ပျိုမေတိုင်းအတွက်အားကျစရာပါပဲ။

ဒါကြောင့်မို့ ဒီတစ်ခေါက်ဆောင်းပါးမှာ ဗိုက်ကြွက်သားကျစ်လျစ်လာဖို့ Somi နဲ့ Momo တို့ကိုယ်တိုင် ပြုလုပ်လေ့ရှိတဲ့ Workout လုပ်နည်းတွေကို ဖော်ပြပေးသွားမှာပါ။ ပုံမှန်လုပ်ပေးမယ်ဆိုရင် ဗိုက်ကြွက်သားတွေ ချက်ချင်းမထွက်ရင်တောင် တဖြည်းဖြည်း ကျစ်လျစ်လာတာကို ခံစားမိပါလိမ့်မယ်။

၁။ Plank

Plank အနေအထားကိုအခြေခံပြီး လုပ်ပေးရမယ့်လေ့ကျင့်ခန်းတွေဖြစ်တာမို့ ပထမဆုံး ပုံမှန် Plank ထောက်တာကနေ စလုပ်ပေးပါ။ ခြေထောက်တွေကိုအနည်းငယ်ကားထားပြီး ခါးမတ်ကာ ခန္ဓာကိုယ်ဟန်ချက်ထိန်းပေးထားပါ။ စက္ကန့်  ၂၀ သုံးကြော့လောက်ထောက်ပေးသင့်ပါတယ်။

၂။ Twist Plank

Twist Plank လေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သားအတွက် အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်မျိုးပါ။ Somi နဲ့ Momo နှစ်ယောက်လုံးကိုယ်တိုင် သူတို့ရဲ့ Abs Workout အတွက် Twist Plank ကို မဖြစ်မနေ ထည့်လုပ်လေ့ရှိတယ်လို့ အင်တာဗျူးတွေမှာ ဖြေခဲ့ဖူးပါတယ်။ Plank အနေအထား တံတောင်နဲ့ ခြေဖျားထောက်ထားပြီး ဟန်ချက်ထိန်းကာ တင်ပါးကို ဟိုဘက်ဒီဘက် တစ်လှည့်စီစောင်းလိုက် ပြန်တည့်လိုက်လုပ်ပေးရမှာပါ။ စက္ကန့် ၂၀ လောက် လုပ်ပေးဖို့လိုပါတယ်။

၃။ Twist Plank Still

ပုံထဲကလို တင်ပါးနဲ့ ခြေထောက်တစ်ဖက်ချင်းလှည့်ပြီး ခန္ဓာကိုယ်ကိုထိန်းထားပေးရမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းကိုတော့ မတ်မတ်ထားပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကို ခြေထောက် တစ်ဖက်ချင်းအတွက် စက္ကန့် ၂၀ စီလုပ်ပေးပါ။

၄။ Side Plank Leg Lift

လုပ်ရအနည်းငယ်ခက်ခဲပေမယ့် ဗိုက်ဘေးဘက် အဆီတွေကို ထိထိရောက်ရောက်လောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ပုံထဲကလို ဘေးစောင်းအနေအထားနေကာ တံတောင်နဲ့ ခြေဖျား တစ်ဖက်ကို အားပြုပြီး ကျန်တဲ့လက်နဲ့ ခြေထောက်ကို လေပေါ်မြှောက်ပေးရမှာပါ။

ခန္ဓာကိုယ်သိပ်မထိန်းနိုင်တဲ့သူတွေက အစပိုင်းမှာ ခြေထောက်မမြှောက်ဘဲ ရှေ့ဘက်ပို့ပြီး ထောက်ထားတာမျိုး ပြုလုပ်နိုင်ပါတယ်။ သူ့ကိုလည်း တစ်ဖက်ချင်းအတွက် စက္ကန့် ၂၀ စီလုပ်ပေးဖို့လိုပါတယ်။

၅။ Single Leg Up Plank

Plank ထောက်ထားပြီး ပုံထဲကအတိုင်း ခြေထောက်တစ်ချောင်းပေါ် နောက်တစ်ချောင်းထပ်တင်ပေးရမှာပါ။ စက္ကန့် ၂၀ ပြည့်တဲ့အခါ နောက်တစ်ဖက်ပြောင်းပြီး တစ်လှည့်စီလုပ်ပေးနိုင်ပါတယ်။

၆။ Single Leg Open Plank

Plank အနေအထားနဲ့ ဟန်ချက်ထိန်းထားပြီး ခြေထောက်တွေကို တစ်ဖက်ချင်း ဘေးဘက်ကားပေးရမှာဖြစ်ပါတယ်။ ဒါကိုလည်း ခြေထောက်တစ်ဖက်ချင်းအတွက် စက္ကန့် ၂၀ စီ နှစ်ကြော့လောက်ပြုလုပ်ပေးနိုင်ပါတယ်။

Source: Jiny Diet Youtube