ချစ်သူနှစ်ဦးကြားက ဆက်ဆံရေးပြေလည်ပြီး အောင်မြင်ပျော်ရွှင်စွာ လက်တွဲနိုင်ဖို့ဆိုတာ စုံတွဲတိုင်းရဲ့အိပ်မက်တစ်ခုဖြစ်ပါတယ်။ သို့သော်လည်း Relationship အများစုက အချိန်ကြာလာတာနဲ့အမျှ ပြဿနာတွေနဲ့ လုံးပန်းလာရပြီး မျှော်လင့်ထားတဲ့ အိပ်မက်တွေဟာလည်း ပျောက်ပျက်သွားကြပါတယ်။ ဒါကြောင့် အချစ်ရေးမှာအောင်မြင်ချင်ရင် သိထားသင့်တဲ့ လျှို့ဝှက်ချက် (၅) ချက်ကို ပြောပြပေးချင်ပါတယ်။ သင့်ရဲ့ Relationship က ဘယ်လောက်ကြာအောင် ခိုင်မြဲမလဲ?

(၁) လေးစားမှုရှိပါ

Photo by Candice Picard on Unsplash

ချစ်သူနှစ်ဦးရဲ့ Relationship သက်တမ်းက ဘယ်လောက်ကြာရှည်အောင် ခိုင်မြဲနိုင်မလဲဆိုတာ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ လေးစားမှုနဲ့လည်း အများကြီးသက်ဆိုင်နေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှုရှိတဲ့ စုံတွဲတွေဟာ သာမာန်စုံတွဲတွေထက်ကို ရေရှည်ခိုင်မြဲတဲ့ အချစ်ရေးတစ်ခု ပိုမိုတည်ဆောက်နိုင်ကြပါတယ်။ Relationship သက်တမ်းကြာလာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦးကြားက ဆက်ဆံရေးဟာ ပိုမိုရင်းနှီးပွင့်လင်းလာတယ်ဆိုပေမယ့် လေးစားမှုတော့ လျော့မသွားသင့်ပါဘူး။

(၂) နားလည်ခွင့်လွှတ်မှုရှိပါ

Photo by Cody Black on Unsplash

Relationship တွေကြားက နားလည်မှုလွဲတဲ့ ပြဿနာဟာ တော်တော်လေးဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်မျိုးပါ။ အများစုက လူငယ်သဘာဝ မာန်မာနနဲ့ အတ္တတွေကို ရှေ့တန်းတင်မိကြတာကြောင့် နားလည်မှုလွဲခြင်းကနေ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်ပေါ်လာရပြီး လမ်းခွဲပြတ်စဲတဲ့အထိ ဖြစ်သွားကြရတာဖြစ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး နားလည်မှုရရှိအောင်ညှိနှိုင်းပါ။ ခွင့်လွှတ်သင့်တဲ့အပိုင်းတွေကို ခွင့်လွှတ်ပေးပါ။

(၃) တစ်ယူသန်အတွေးတွေကို ဖျောက်ပစ်ပါ

Photo by Jonathan Borba on Unsplash

တစ်ခါတစ်လေ ယောက်ျားလေးအများစုမှာ “ငါယောကျာ်းလေးပဲ ငါလုပ်တာမှန်တယ်” ဆိုတဲ့ တစ်ယူသန်အတွေးတစ်ခု ရှိတတ်ကြပါတယ်။ ချစ်သူနှစ်ဦး ရေရှည်တည်မြဲချင်ရင်တော့ ငါဆိုတဲ့အတ္တကိုနောက်ပို့ပြီး ညှိနှိုင်းမှု ၊ ဦးစားပေးမှုစတဲ့ လူကြီးလူကောင်းဆန်တဲ့အတွေးအခေါ်တွေကိုသာ အရင်တွေးသင့်ပါတယ်။ တစ်ယူသန်ဆန်တဲ့ အတွေးအခေါ်တွေရှိနေသ၍တော့ အောင်မြင်ပျော်ရွှင်ရတဲ့ အချစ်ရေးတစ်ခု တည်ဆောက်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။

(၄) ပျော်ရွှင်မှုကို ခံစားပါ

Photo by Becca Tapert on Unsplash

တစ်ယောက်ကိုတစ်ယောက် နှစ်နှစ်ကာကာချစ်နေမိတဲ့ သူတွေအတွက် ပျော်ရွှင်မှုဆိုတာ သီးသန့်ဖန်တီးယူနေစရာမလိုတော့ပါဘူး။ ကားအကောင်းစားစီးမှ ၊ ဆိုင်ကောင်းကောင်းမှာစားမှ ၊ စပရိုက်ကြီးကြီးမားမားလုပ်ပေးမှ ဆိုတာတွေ လုံးဝမလိုအပ်တော့ဘဲ အတူတူရှိနေရတဲ့အချိန်တိုင်းက ပျော်ရွှင်ကြည်နူးစရာကောင်းနေမှာဖြစ်ပါတယ်။ လက်တစ်ကမ်းမှာရှိနေတဲ့စစ်မှန်တဲ့ ပျော်ရွှင်မှုကိုမခံစားဘဲ တခြားသောအတုအယောင်ပျော်ရွှင်မှုတွေကို လိုချင်မက်မောနေသူတွေအတွက်တော့ ကိုယ်ပိုင်ဆိုင်ထားတဲ့ Relationship ဟာ စိတ်ညစ်စရာတွေနဲ့ ပြည့်နှက်နေမှာဖြစ်ပါတယ်။

(၅) နွေးနွေးထွေးထွေးဆက်ဆံပါ

Photo by Vino Li on Unsplash

လူတိုင်းလူတိုင်းအတွက် နွေးထွေးတဲ့ ရင်ခွင်တစ်စုံဆိုတာတော့ မရှိမဖြစ်လိုအပ်ပါတယ်။ ချစ်သူစုံတွဲတွေမှာဆိုရင်လည်း တစ်ယောက်ကိုတစ်ယောက် နွေးထွေးမှုရှိခြင်းဟာ အောင်မြင်တဲ့အချစ်ရေးရဲ့ လမ်းစတစ်ခုဖြစ်ပါတယ်။ အခက်အခဲအတားအဆီးတွေ ကြုံလာရတိုင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ဖေးမကူညီပြီး မိသားစုအရင်းအချာတွေလို နွေးထွေးမှုပေးနိုင်မယ့် အားဆေးတစ်ခွက်အဖြစ်ရှိနေသင့်ပါတယ်။

ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ အလုပ်မအားလို့ ၊ အချိန်မပေးနိုင်လို့ ဆိုတဲ့အကြောင်းပြချက်တွေပေးတာထက် “မင်းကိုအရမ်းလွမ်းတယ်” ဆိုတဲ့ မက်ဆေ့လေးတစ်စောင်က ပိုပြီးနွေးထွေးမှုကိုခံစားရစေပါတယ်။

Featured Image Source: Photo by Jonathan Borba on Unsplash