ကြည်လင်ပြီး Glow နေတဲ့အသားအရေမျိုးကို မလိုချင်တဲ့သူရယ်တော့ မရှိပါဘူး။ ဒါပေမယ့် ဒီလို အသားအရေမျိုးပိုင်ဆိုင်ဖို့ဆိုရင် Skincare ချည်းပဲလုပ်နေတာထက် ကိုယ်တိုင်က အသားအရေထိခိုက်စေမယ့် အလေ့အကျင့်တွေ လုပ်နေမိသလားဆိုတာ ပြန်လည်ဆန်းစစ်ပေးဖို့ လိုပါတယ်။ ဒီတစ်ခေါက်မှာ Glow Skin ရချင်သူတိုင်း မလုပ်မိအောင် သတိထားရမယ့် အလေ့အကျင့် ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။ သင်ကိုယ်တိုင် လုပ်နေမိတဲ့အရာတွေပါလာမလား စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်ပါ။

၁။ မျက်နှာမသစ်ဘဲ အိပ်ရာဝင်တာ

သင့်မျက်နှာမှာ ကိုယ်တိုင်မမြင်ရတဲ့ ဖုန်၊ အဆီနဲ့ အညစ်အကြေးတွေရှိနေနိုင်တာမို့ အိပ်ရာမဝင်ခင်မှာ မျက်နှာကို သေချာသန့်စင်ပေးဖို့လိုပါတယ်။ မျက်နှာမသစ်ဘဲ တစ်ညလုံးထားတာက အရေပြားယားယံတာ၊ ဝက်ခြံထွက်တာတွေဖြစ်လွယ်တာမို့ ညဘက်တွေမှာ မျက်နှာသစ်ပြီး အစိုဓာတ်ထိန်းခရင်မ်တွေ ပုံမှန်လိမ်းပေးပါ။

၂။ အရမ်းနောက်ကျမှ အိပ်တာ

နောက်ကျမှအိပ်တာက အသားအရေအတွက်ကော ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ မကောင်းပါဘူး။

စောစောမအိပ်တဲ့အခါ အရေပြားအတွင်း Collagen လည်ပတ်မှုကို ကမောက်ကမ ဖြစ်စေတာကြောင့် အသားအရေ တင်းတင်းရင်းရင်းမရှိတော့ဘဲ မျက်ကွင်းတွေ ညိုမဲပြီး အရွယ်မတိုင်ခင် ရုပ်ရင့်လာတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် နောက်ကျမှအိပ်တတ်တဲ့အကျင့်ကို ပြင်ပြီး တစ်နေ့ကို အိပ်ချိန် ၇ နာရီအနည်းဆုံးထားကာ စောစောအိပ်ပေးပါ။ မနက်ပိုင်းမှာ အသားအရေကြည်လင်စေမယ့်အပြင် သင့်စိတ်ကိုပါ လန်းဆန်းစေမှာပါ။

၃။ Alcohol အလွန်အကျွံသောက်တာ

တင်းတင်းရင်းရင်းနဲ့ Glow တဲ့အသားအရေမျိုး လိုချင်တယ်ဆိုရင် Alcohol ပမာဏများများသောက်တာကို ရှောင်ပေးရပါမယ်။ Alcohol က မျက်နှာချွေးပေါက်ကျယ်ပြီး ဆားဝက်ခြံထွက်စေတဲ့အပြင် တဖြည်းဖြည်းနဲ့ အသားအရောင်မွဲညစ်စေပါတယ်။ ဒါကြောင့်မို့ Alcohal အလွန်အကျွံ မသောက်မိအောင်ရှောင်ပြီး အသားကြည်အောင် အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ သခွားသီး၊ ခရမ်းချဉ်သီးစတဲ့ အသီးဖျော်ရည်လေးတွေ သောက်ပေးသင့်ပါတယ်။

၄။ ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိတာ


ဆေးလိပ်သောက်တာက ခန္ဓာကိုယ်အတွင်း ရေဓာတ်ဆုံးရှုံးပြီး အသားအရေမွဲခြောက်လာတတ်တာမို့ သင်လိုချင်တဲ့ Glow Skin နဲ့ ပိုဝေးသွားစေမှာပါ။ အသားခြောက်တာကတစ်ဆင့် အရေးအကြောင်းတွေပေါ်ပြီး အိုမင်းရင့်ရော်လွယ်စေမှာဖြစ်လို့ ဆေးလိပ်သောက်တတ်သူတွေအနေနဲ့ အတတ်နိုင်ဆုံး မသောက်မိအောင် ရှောင်ပေးဖို့လိုပါတယ်။

၅။ မျက်နှာကို လိုတာထက်ပို Exfoliate လုပ်တာ

ဆဲလ်သေတွေဖယ်ရှားပြီး ချွေးပေါက်တွေသန့်စင်နေဖို့ မျက်နှာ ချွေးချွတ်ပေးတဲ့အဆင့်ကလည်း အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့် သေချာသတိမထားဘဲ လိုတာထက်ပို လုပ်မိမယ်ဆိုရင်တော့ အသားအရေ နီမြန်းလွယ်ပြီး အသားခြောက်လာတတ်တာမို့ ကိုယ့် Skin Type အပေါ်မူတည်ပြီး တစ်ပတ်နှစ်ကြိမ်ထက် ပိုမလုပ်မိအောင် သတိထားပေးပါ။ အသားအရေ Sensitive ဖြစ်တတ်သူတွေအနေနဲ့ တစ်ပတ် တစ်ကြိမ်လောက်ပဲ Exfoliate လုပ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar