တချို့ဆိုရင် ဘယ်သူနဲ့တွဲတွဲ အစပိုင်းလောက်သာ ပျော်ရင်ပျော်မယ်၊ နောက်ပိုင်းကျရင် ပျော်စရာမကောင်းတဲ့ relationship ပဲဖြစ်နေတယ်၊ ငါကျ သူများတွေလို မပျော်ရဘူး၊ အချစ်မခံရဘူး၊ ချစ်သူကမဖောက်ပြန်ပေမယ့်လည်း ပျော်စရာမကောင်းသလိုပဲ စသဖြင့် တွေးပြီးခံစားနေရတယ်ဆိုရင် အဓိကအကြောင်းအရင်းကတော့ ဒါတွေကြောင့်ပဲ ဖြစ်မှာပါ။
စိုးရိမ်လွန်ပြီးအတွေးများနေခြင်း
တစ်ယောက်ထဲ စိုးရိမ်လွန်ပြီး အတွေးတွေများနေရင် ဘယ်သူနဲ့တွဲတွဲ၊ ဘယ်လောက်ပဲအချစ်ခံနေရပါစေ အပြည့်အဝပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ အတွေးများတဲ့သူ၊ တွေးလွန်းတဲ့သူက တစ်ဖက်လူဘာမှမလုပ်ပဲနဲ့တောင် ကြံဖန်တွေးနေတတ်တာကြောင့် အမြဲစိုးရိမ်ပူပန်စိတ်တွေနဲ့ နေရပါတယ်။
ချုပ်ချယ်ချင်တာတွေများနေခြင်း
တချို့ကျတော့ ရည်းစားထားပြီဆိုတာနဲ့ ဘယ်သူနဲ့စကားမပြောရဘူး၊ မတွေ့ရဘူး၊ မပေါင်းရဘူး စသဖြင့် အရာရာကို လိုက်ချုပ်ချယ်ချင်တော့တာပါပဲ။ အရာရာကို ငါပြောသလိုလုပ်ရမယ်၊ ငါပြောတဲ့အတိုင်းနေရမယ်ဆိုပြီး သတ်မှတ်ထားကြတာပါ။ ဒီလိုအရာတွေလုပ်နေရင် ဘယ်သူနဲ့တွဲတွဲ ကိုယ့်သဘောအတိုင်းဖြစ်မလာရင် စိတ်ညစ်ရမယ်၊ ဒေါသထွက်ရပါမယ်။ တစ်ဖက်လူကလည်း ကြာလာရင် ဒီချုပ်ချယ်မှုတွေကို မွန်းကြပ်ပြီး ထွက်သွားပါလိမ့်မယ်။ တောက်လျှောက်လည်း ဒါတွေကြောင့်ပဲ ရန်ဖြစ်စကားများနေရမှာပါ။
နားလည်မှုမပေးနိုင်ခြင်း
Relationship တစ်ခုမှာလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့က အရမ်းအရေးကြီးပါတယ်။ ကိုယ့်ဘက်ကနေ နားလည်မှုမပေးနိုင်တာတွေများလေ ကိုယ်ပဲစိတ်ညစ်ရလေ၊ မပျော်ရွှင်ရလေပါပဲ။ ဒါကြောင့် အသေးအမွှားလေးတွေ၊ ဘာမဟုတ်တာလေးတွေဆိုရင် နားလည်ပေးလိုက်ပါ။
ကိုယ်နဲ့ Type မတူတဲ့သူကိုရွေးချယ်မိခြင်း
Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပေမယ့် တစ်ဖက်လူက ကိုယ်နဲ့ type မတူရင် အဆင်မပြေပါဘူး။ အမြင်မတူတာတွေ၊ ခံယူချက်မတူတာတွေ၊ သဘောထားချင်းမတိုက်ဆိုင်တာတွေ များလာရင် နှစ်ယောက်လုံး စိတ်ညစ်ရပါတယ်။ ခဏခဏရန်ဖြစ် စကားများကြရင်းနဲ့ ပြတ်သွားကြတာတွေလည်း များကြီးရှိပါတယ်။