စိတ်ညစ်တယ်၊ စိတ်ချမ်းသာတယ်ဆိုတာက ကိုယ့်စိတ်နဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ လူတိုင်းက ပျော်ချင်တယ်၊ စိတ်ချမ်းသာချင်တယ်၊ စိတ်ညစ်စရာတွေကို မလိုချင်ကြပါဘူး။ ဒါပေမယ့် အရာရာကိုလိုက်ခံစားပြီး ခေါင်းထဲထည့်နေရင်တော့ ခဏခဏစိတ်ညစ်ရမှာပါပဲ။ ဒါကြောင့် ဘဝမှာ စိတ်ညစ်စရာတွေနည်းအောင် နေနိုင်ဖို့အတွက် လိုက်နာသင့်တဲ့အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

အရာရာကိုလိုက်မခံစားပါနဲ့

သူများပြောသမျှကို လိုက်ခံစားပြီး ခေါင်းထဲထည့်မနေပါနဲ့။ ဘယ်သူဘာပြောပြော ခေါင်းထဲထည့်နေစရာ၊ ခံစားနေစရာ မလိုပါဘူး။ ဘဝကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းပါ။ အများကြီးမတွေးပါနဲ့။ အတွေးတွေများလေ စိတ်ညစ်စရာတွေပေါ်လာလေ ဖြစ်မှာပါ။ ပတ်ဝန်းကျင်ကိုလည်း သိပ်ပြီးဂရုမစိုက်ပါနဲ့။ သူများအတွေးတွေ၊ အပြောအဆိုတွေကို ဂရုမစိုက်ပဲ၊ မခံစားပဲနေတတ်ရင် စိတ်ချမ်းသာစရာပါပဲ။

ကြိုမတွေးပါနဲ့၊ အတွေးမလွန်ပါနဲ့

မဖြစ်သေးတဲ့အရာတွေကိုပါ ကြိုတွေးနေရင် ပိုပြီးစိတ်ညစ်ရပါတယ်။ ကြိုတွေးတာ၊ တစ်ခုခုဆို အတွေးတွေလွန်နေတာက ကိုယ့်ကိုယ်ကို ပြန်ပြီးဒုက္ခပေးနေတာနဲ့ တူတူပါပဲ။ မဖြစ်သေးတာကိုကြိုတွေးနေရင် ပျော်စရာရှိရင်တောင် အပြည့်အဝပျော်ရမှာ မဟုတ်ပါဘူး။ ပြီးခဲ့တာတွေကိုလည်း ပြန်တွေးပြီး ဝမ်းနည်းဒေါသထွက်မနေပါနဲ့တော့။ ပြီးခဲ့တာတွေကိုလည်း မေ့ပစ်လိုက်ပါ။ လက်ရှိမှာပဲ ပျော်အောင်၊ စိတ်ချမ်းသာအောင် နေမယ်ဆိုတဲ့စိတ်ကို ထည့်ထားပါ။

ဖြစ်သင့်တာကိုတွေးပါ

ကိုယ့်ထက်သာတဲ့သူတွေကို ကြည့်ပြီးအားကျရင် သူတို့လိုမဖြစ်နိုင်တောင်မှ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။ သူများကိုကြည့်ပြီး အားကျလိုက်တာဆိုပြီး ကိုယ့်ဘဝကို အလိုမကျတာ၊ ကိုယ့်ကိုယ်ကို အပြစ်တင်တာမျိုး မလုပ်ပါနဲ့။ ကိုယ်ပဲစိတ်ညစ်ရပါတယ်။ မဖြစ်နိုင်တာကိုလည်း အရမ်းမျှော်လင့်နေတာမျိုး မလုပ်ပါနဲ့။ ဖြစ်သင်တာကိုတွေးပြီး ကိုယ့်မှာရှိသလောက်နဲ့ပဲ ရောင့်ရဲတင်းတိမ်နိုင်တဲ့စိတ်ရှိရင် စိတ်ချမ်းသာရပါတယ်။

ကိုယ့်ပျော်ရွှင်မှုကိုဦးစားပေးပါ

ကိုယ်ပျော်မယ်ထင်တဲ့အရာတွေကို အကုန်လုပ်ပါ။ ပျော်နေရင် စိတ်ညစ်စရာတွေက အလိုလိုပျောက်သွားတာပါပဲ။ ဒါကြောင့် ဘယ်အရာကိုလုပ်ရင် ကိုယ့်စိတ်ပျော်ရွှင်မှုရမလဲဆိုတာပဲ စဉ်းစားပါ။ ကိုယ့်ကို ပျော်အောင်ထားတဲ့သူတွေနဲ့ပဲ နေပါ။ Toxic ဖြစ်စေတဲ့အရာတွေနဲ့ အဝေးဆုံးမှာနေပါ။