မျက်နှာအသားအရေပေါ်မှာ လိမ်းရတဲ့မိတ်ကပ်ပစ္ညည်းတွေ သန့်ရှင်းမှုရှိဖို့ကလည်း သိပ်ကိုအရေးကြီးပါတယ်နော်။ ကိုယ်အသုံးပြုတဲ့ မိတ်ကပ်ပစ္စည်းတွေ သန့်ရှင်းနေမှလည်း ဝက်ခြံတွေ အဖုအဖိမ့်တွေ မဖြစ်မှာပါ။ မိတ်ကပ်တွေကို ပြောင်စင်အောင်ဖျက်ပေးဖို့ လိုအပ်တဲ့အပြင် ပျိုမေတို့အသုံးပြုမယ့် မိတ်ကပ်တွေကအစ မိတ်ကပ်ပစ္စည်းပါမကျန် သန့်စင်ပြီး မပျက်စီးတာမျိုးတွေကို လိမ်းခြယ်ပေးမှလည်း မပျက်စီးပဲ ကောင်းမွန်တဲ့အသားအရေမျိုးကို ရရှိမှာပဲဖြစ်ပါတယ်။
ကဲ…ဒီတော့ မိတ်ကပ်လိမ်းခြယ်လေ့ရှိတဲ့ပျိုမေတိုင်း မိမိအသားအရေလေး ပျက်စီးမှုမရှိပဲ လှပတဲ့မိတ်ကပ်Lookလေးတွေ လိမ်းခြယ်နိုင်စေဖို့ ဘာလေးတွေကို သတိထားဂရုစိုက်ပေးသင့်သလဲဆိုတော့…
လက်နဲ့အသုံးမပြုပါနဲ့
မိတ်ကပ်တွေကိုအသုံးပြုတဲ့အခါမှာ ဥပမာ Foundation လိမ်းတော့မယ်ဆိုရင်လည်း Foundation ကိုလက်နဲ့ယူပြီး မျက်နှာပေါ်မှာလိမ်းတာမျိုးကို ရှောင်သင့်ပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာသုံးတဲ့ မိတ်ကပ် Brush တွေနဲ့သုံးပေးရင်အကောင်းဆုံးပါ။
Brush တွေကိုသန့်စင်အောင် ထားပါ
မိတ်ကပ်တွေကိုလိမ်းရတဲ့အရာဖြစ်တာကြောင့် သေချာသန့်စင်ထားဖို့တော့လိုအပ်ပါတယ်။ Brush တွေကညစ်ပတ်နေမယ်ဆိုရင် ဘက်တီးရီးယားတွေကို သင့်မျက်နှာပြင်ပေါ်ကိုရောက်သွားအောင် တွန်းအားပေးသလိုဖြစ်ပြီး ဝက်ခြံတွေကိုဖြစ်လာစေနိုင်ပါတယ်။
မိတ်ကပ်ရက်စွဲတွေကို မှတ်ထားပါ
မိတ်ကပ်အသစ်ဝယ်ပြီဆိုတာနဲ့ ဝယ်လာတဲ့ နေ့စွဲကိုမိတ်ကပ်ဘူးမှာ မှတ်သားထားလိုက်တာက အကောင်းဆုံးပါပဲ။ မိတ်ကပ်တွေမှာလည်း သက်တမ်းကုန်ဆုံးရက်ဆိုတာရှိပါတယ်။ မိန်းကလေးတွေရဲ့ အကျင့်က မိတ်ကပ်တွေကိုအများကြီးဝယ်ထားတတ်တော့ အချိန်ကြာကြာထိမကုန်တော့ ဆက်သုံးနေတာမျိုးတွေကို မြင်တွေ့လာရပါတယ်။ ဒီအချက်မျိုးက သင့်အသားအရေကိုပျက်စီးလာစေနိုင်တယ်နော်။
မိတ်ကပ်ပစ္စည်းတွေကို မျှသုံးတာ
မိတ်ကပ်ပစ္စည်းဆိုတာလည်း ဝေမျှပြီးမသုံးသင့်တဲ့ထဲမှာ ပါဝင်နေပါတယ်။ နှုတ်ခမ်းနီတွေ၊ မျက်တောင်ကော့ဆေးတွေနဲ့၊ မိတ်ကပ်ပေါင်ဒါတွေကို မိန်းကလေးတော်တော်များများက မျှပြီးသုံးတတ်ကြပါတယ်။ ဒီလိုလုပ်တာက ဘက်တီးရီးယားတွေကို အလွယ်တကူကူးစက်စေပြီး ဝက်ခြံဖြစ်တာတွေနဲ့၊ မျက်လုံးပိုးဝင်တာတွေပါ ဖြစ်စေနိုင်ပါတယ်။
လက်ကိုသန့်စင်ပေးပါ
မိတ်ကပ်လိမ်းတော့မယ်ဆိုရင် လက်ကိုအရင်သန့်စင်တာက အကောင်းဆုံးပါပဲ။ မျက်နှာအသားအရေကို ထိတွေ့နေရမှာဆိုတော့ လက်ကလည်းသန့်ရှင်းနေဖို့အရေးကြီးတာပေါ့။ ဒါမှလည်း မမြင်ရတဲ့ဘက်တီးရီးယားတွေရဲ့ရန်ကနေ လွတ်ကင်းနိုင်မှာပေါ့။
ဒီအချက်တွေကတော့ မိတ်ကပ်ကိုဘယ်လိုမျိုး သန့်စင်အောင်လိမ်းခြယ်ရမလဲဆိုတဲ့ အချက်တွေဖြစ်ပြီး မိတ်ကပ်လိမ်းရင်ဝက်ခြံပေါက်တယ်ဆိုတဲ့ ပျိုမေတို့အတွက် ဆင်ခြင်ရမယ့်နည်းလမ်းအမှန်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။