ကိုယ်နဲ့ပြတ်သွားတဲ့ EX တွေထဲမှာမှ ကိုယ်ချစ်တဲ့ EX ဆိုရင် ပြန်လာဖို့ မျှော်နေကြတာများပါတယ်။ တချို့ကျတော့လည်း ပြတ်သွားပြီးမှ မပြတ်နိုင်လို့ ပြန်ဆက်သွယ်ကြတာ၊ ပြန်တွဲကြတာတွေ ရှိပါတယ်။ တချို့ကျတော့လည်း လုံးဝကို ပြတ်ဆဲသွားကြတာပေါ့။ ဒါကြောင့် သင့်အနေနဲ့လည်း ကိုယ်ချစ်ရတဲ့ EX က ကိုယ့်ဆီပြန်လာအုံးမလားဆိုတာကို သိချင်ရင် ဒီအချက်တွေနဲ့ တိုက်စစ်ကြည့်လိုက်ပါ။ အချက်တွေအများကြီးနဲ့ တူနေပြီဆိုရင်တော့ EX က ပြန်လာတော့မှာ မဟုတ်ပါဘူး။

လုံးဝအဆက်အသွယ်မလုပ်တော့ခြင်း

သူ့ဘက်ကလည်း လုံးဝအဆက်အသွယ် မလုပ်တော့သလို သင့်ဘက်ကနေ အဆက်အသွယ်လုပ်လာရင်တောင် လက်မခံတော့တာမျိုး၊ သင်ပို့တဲ့ message တွေ၊ ph call တွေကို ပြန်မဖြေတော့တာမျိုး၊ social media မှာပါ block တာမျိုးတွေ အကုန်လုပ်ထားပြီဆိုရင်တော့ ပြန်လာနိုင်ချေ နည်းပါတယ်။ သင့်ဆီပြန်လာဖို့နေနေသာသာ ပြန်ပြီး မပတ်သက်ချင်တော့လို့တောင် ရှောင်ပြေးနေတာမျိုး ဖြစ်နေပါပြီ။

အစထဲကသင်နဲ့ပြန်အဆင်ပြေဖို့မလုပ်ခဲ့ခြင်း

စပြီး စိတ်ဆိုးကြ၊ ပြတ်ဆဲကြထဲက သင်နဲ့ပြန်အဆင်ပြေဖို့ သူ့ဘက်ကနေ ဘာတစ်ခုမှမလုပ်ခဲ့သလို၊ သင့်ကို ပြန်ချော့တာ၊ ရှင်းပြတာတွေလည်း မလုပ်ခဲ့ဘူး၊ သင်နဲ့တွေ့ရဖို့ကိုလည်း မကြိုးစားခဲ့ဘူးဆိုရင် သင်နဲ့ ပြန်အဆင်မပြေချင်တာပါ။ အဆိုးဆုံးကတော့ ပြတ်ဆဲကြတဲ့အချိန်မှာ သူ့ဘက်ကနေ သင်နဲ့တွဲရတာ ပင်ပန်းလာပြီ၊ စိတ်ကုန်နေပြီး စတဲ့စကားတွေ ပြောခဲ့ရင် သင့်ဆီကို ပြန်လာတော့မှာ မဟုတ်ပါဘူး။ အစထဲက ဆုံးဖြတ်ချက်ချပြီး ထွက်သွားတာဖြစ်ဖို့ များပါတယ်။

တခြားသူတွေနဲ့ပျော်ပါးနေခြင်း

သူငယ်ချင်းနဲ့ပျော်ပါးတာမျိုးမဟုတ်ပဲ သင်နဲ့ပြတ်ပြီး ဘယ်လောက်မှတောင်မကြာဘူး တခြားသူတွေနဲ့ ပျော်ပါးနေပြီး date လုပ်တာတွေပါ ရှိလာပြီဆိုရင်တော့ သင့်ဆီကို ပြန်လာတော့မှာ မဟုတ်ပါဘူး။ နောက်တစ်ယောက်ဆီကို စိတ်ရောက်နေတာ ဖြစ်နေပါပြီ။ ဒီအချက်နဲ့တိုက်ဆိုင်နေရင်တော့ မေ့ပစ်လိုက်တာက သင့်အတွက် အကောင်းဆုံးပါပဲ။

သင့်မကောင်းကြောင်းတွေလိုက်ပြောခြင်း

ပြတ်သွားပြီးရင်တောင်မှ ချစ်တဲ့စိတ်ရှိသေးရင်၊ သံယောဇဉ်ရှိသေးရင် သင့်မကောင်းကြောင်းတွေကို အပုတ်ချပြီး လိုက်ပြောမှာ မဟုတ်ပါဘူး။ သင့်မကောင်းကြောင်းတွေ လူတကာကို လိုက်ပြောတဲ့အပြင် social media မှာပါ blame တာ၊ မကောင်းကြောင်းတွေ တင်တာမျိုး လုပ်နေရင်လည်း သင့်ဆီပြန်လာမှာ မဟုတ်ပါဘူး။ ကိုယ့်ဆီပြန်မလာဘူးဆိုတာကို သိရင်တော့ မျှော်လင့်ချက်မထားတော့ပဲ ဘဝထဲကနေ ထုတ်ပစ်လိုက်သင့်ပါပြီ။