များသောအားဖြင့် တစ်နေကုန် ဖုန်းနဲ့ ကွန်ပျူတာစတာတွေရှေ့ အချိန်ကုန်ပြီး အလုပ်ရှုပ်နေရတဲ့သူတွေဟာ မျက်လုံးကို အရမ်းအားစိုက်ပေးရတာကြောင့် တဖြည်းဖြည်း မျက်အိတ်ဖောင်းတာ၊ တွဲကျတာနဲ့ နီမြန်းလာတာတွေ ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်ခံရတဲ့သူတွေဆို ပိုဆိုးပါတယ်။ မျက်လုံးဆိုတာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံးနဲ့ အနုနယ်ဆုံးအစိတ်အပိုင်းဖြစ်တာမို့ အချိန်ကြာကြာ အနားမပေးဘဲထားတာက မျက်လုံးကျန်းမာရေးကို ထိခိုက်လာစေမှာပါ။ ဒီလိုမဖြစ်ရအောင် မျက်လုံးကို ပြန်လည်အနားပေးရင်း မျက်လုံးတစ်ဝိုက် အသားအရေပျက်စီးခြင်းကိုပါ သက်သာစေဖို့ ကူညီပေးနိုင်တဲ့ အိမ်တွင်းသဘာဝပစ္စည်းတွေ အကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ သခွားသီး

ပထမဆုံး လွယ်လွယ်ကူကူနဲ့ သက်သာစေမယ့်နည်းကတော့ သခွားသီးကပ်ပေးတာပဲဖြစ်ပါတယ်။ ရေခဲသေတ္တာထဲမှာ သခွားသီးစိတ်လေးတွေ ခပ်ပါးပါးလှီးပြီး မိနစ် ၃၀ ခန့်ထည့်ထားပေးပါ။ အချိန်ပြည့်တဲ့အခါ ပြန်ထုတ်ပြီး သင့်မျက်လုံးနဲ့ မျက်လုံးနားတစ်ဝိုက်မှာ ၁၀ မိနစ်ခန့်ကပ်ထားပေးရပါမယ်။ အောက်မျက်ခွံအရေပြားချောမွေ့စေပြီး မျက်ကွင်းညိုတာတွေကို သက်သာစေပါလိမ့်မယ်။

၂။ အအေးခံထားတဲ့ လက်ဖက်ခြောက်အိတ်

နောက်ထပ်အသုံးပြုနိုင်တဲ့ ဆေးနည်းတစ်ခုကတော့ အအေးခံထားတဲ့ လက်ဖက်ခြောက်အိတ်အသန့်ကို မျက်လုံးပေါ်မှာကပ်ပေးတာပါ။ ရောင်ရဲနီမြန်းခြင်း သက်သာပြီး Antioxidant ပိုကြွယ်ဝတဲ့ Green Tea အိတ်တွေကို အသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ်။ မသုံးခင်အရင်ဆုံး လက်ဖက်ခြောက်အိတ်ကို ရေအသန့်ထဲမှာစိမ်ကာ ရေခဲသေတ္တာထဲ မိနစ် ၃၀ ထည့်ထားပေးရပါမယ်။ ပြီးရင်တော့ မျက်လုံးပေါ်မှာ ၁၀ မိနစ်ကပ်ထားပေးပါ။ အချိန်ပြည့်တဲ့အခါ မျက်လုံးအောက်နားကို ရေအေးအေးနဲ့ ဆေးချပေးနိုင်ပါတယ်။ အချိန်တိုအတွင်း မျက်ကွင်းညို သက်သာလာတာတာကို တွေ့ရပါလိမ့်မယ်။

၃။ နှင်းဆီပေါင်းခံရည်

သန့်စင်ပြီးသား နှင်းဆီပေါင်းခံရည်ကို ဝါဂွမ်းနဲ့စွတ်ပြီး မျက်ခွံတစ်ဝိုက်လိမ်းကာ ၁၀ မိနစ်မှ မိနစ် ၂၀ အထိထားတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ အိပ်ရေးပျက်ပြီး မျက်အိတ်ဖောင်းတတ်တဲ့သူတွေအတွက် အရမ်းအသုံးဝင်စေမှာပါ။

၄။ ရှားစောင်းလက်ပတ် Ice Cubes


Photo Source: istockphoto.com

လတ်ဆတ်တဲ့ ရှားစောင်းလက်ပတ်အရွက်အတွင်းက Gel အနှစ်ကိုယူပြီး ရေခဲကပ်ထဲထည့်ကာ ခဲအောင်လုပ်ပေးပါ။ ရလာတဲ့ ရှားစောင်းလက်ပတ်ရေခဲတုံးတွေကို မျက်ခွံနားတစ်ဝိုက်မှာ ကိုယ်အားတဲ့အချိန် ကပ်ပေးတာမျိုးပြုလုပ်နိုင်ပါတယ်။ ဒီရှားစောင်းလက်ပတ်နည်းက မျက်လုံးတစ်မျိုးတည်း တင်မကဘဲ ခန္ဓာကိုယ်နဲ့မျက်နှာနှစ်မျိုးလုံးအတွက် ဓာတ်မတည့်လို့ အသားနီမြန်းတာ၊ နေလောင်တာနဲ့ ဝက်ခြံစတဲ့ ပြဿနာတွေ သက်သာစေဖို့ပါ ထောက်ပံ့ပေးနိုင်မှာပါ။

Photo Source: Pinterest