သင့် တစ်ကိုယ်လုံးစာ ပုံပန်းသွင်ပြင်ကို အထောက်အကူပြုတဲ့အထဲမှာ ဆံကေသာက အဓိက နေရာမှာ ပါဝင်နေပါတယ်။ ဆံပင်တို မဟုတ်ဘဲ ဆံပင်ရှည်ပိုင်ဆိုင်သူတွေအတွက် ဆံကေသာက ပိုအရေးပါနေတတ်ပါတယ်။ ပိုထိန်းသိမ်းရလည်း ခက်ခဲပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘေဘီပေါက်စလေးတွေရဲ့ ဆံကေသာလို ပျော့ပြောင်းပြီး ပိုနူးညံ့လာစေဖို့ အသုံးပြုနိုင်မယ့် သဘာဝ ဆီ ငါးမျိုးအကြောင်းကို ဖော်ပြပါရစေ။ သင်က ဒီ ဆီ (၅) မျိုးထဲက တစ်မျိုးသုံးပြီး ခေါင်းမလျှော်ခင်တိုင်း လိမ်းပေးမယ်ဆိုရင် အရင်ထက် ဆံသားပိုကောင်းလာပါလိမ့်မယ်။

၁။ Argan Oil

ဒီဆီကိုတော့ သဘာဝ မှော်ဝင်ဆီ တစ်မျိုးလို့ သတ်မှတ်တတ်ကြပါတယ်။ ဆံပင်တောက်ပပြီး ပိုကျန်းမာလာဖို့ Argan Oil က စွမ်းဆောင်နိုင်ပါတယ်။ ဒါ့အပြင် Argan Oil က နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒီ Argan Oil က ခြောက်သွေ့ပြီး ကြမ်းတမ်းတဲ့ ဆံကေသာပိုင်ရှင်တွေနဲ့ သင့်တော်ပါတယ်။

၂။ အုန်းဆီ

အိန္ဒိယနိုင်ငံက အမျိုးသမီးတွေဆိုရင် အုန်းဆီကို သူတို့ရဲ့ အဓိက အလှအပ ပစ္စည်းအနေနဲ့ အသုံးပြုတတ်ကြပါတယ်။ အုန်းဆီက အဆီပြန်တဲ့ ဦးရေပြားရော၊ ခြောက်သွေ့တဲ့ ဦးရေပြားအတွက်ပါ အထောက်အကူပြုပါတယ်။ အုန်းဆီက ပျော့ပြောင်းတဲ့ ဆံကေသာ ပိုင်ဆိုင်ဖို့ အဖြေတစ်ခုပါပဲ။

၃။ Grapeseed oil

Grapeseed Oil က ဆံသားအတွက် ပျော့ဆေးအနေနဲ့ရော အစိုဓာတ်ထိန်း Moisturizer အနေနဲ့ပါ သုံးနိုင်တဲ့ ဆီတစ်မျိုး ဖြစ်ပါတယ်။ Grapeseed Oil က ဆံပင်ကျွတ်တတ်သူတွေအတွက် သင့််တော်ပြီး ဗောက်ပျောက်စေပါတယ်။ ဒီဆီကို ပုံမှန်သုံးမယ်ဆိုရင် ဆံသားအရင်ထက် ခိုင်မာပြီး ဆွဲဆောင်မှု ပိုရှိလာပါလိမ့်မယ်။

၄။ Pomegranate oil

Pomegranate oil ရဲ့ ဆံသားအတွက် ကောင်းကျိုးတွေကတော့- ဆံပင်ကြမ်းတာ၊ ကျိုးလွယ်တာကို သက်သာစေခြင်း၊ ဦးရေပြား သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း၊ ဦးရေပြား ယားယံတာကို သက်သာစေခြင်းနဲ့ ဆံသားအားဖြည့်ပေးခြင်းတို့ ဖြစ်ပါတယ်။

၅။ Tea tree oil

သင်က ခေါင်းခဏခဏ ယားတတ်သူဆိုရင် Tea tree oil က အသင့်တော်ဆုံးပါပဲ။ ဆံပင်ယားယံတာက ဗောက်ကြောင့် ဖြစ်ပြီး ဆံပင်ကျွတ်တာဆီ ဦးတည်စေပါတယ်။ ဦးရေပြား ပေါ်က ဘတ်တီးရီးယားတွေကို သတ်ပေးနိုင်တာ Tea Tree Oil ပါပဲ။

Photo source: Pinterest

By MyStyle Myanmar