အရင်ကတော့ အရမ်းခင်မင်လာတဲ့ Best Friend တွေဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးတေကြာင့် ပြောင်းလဲသွားတာတွေ၊ အရင်လို အခေါ်အပြောတွေမရှိတော့ပဲ့ အေးစက်သွားတာမျိုးတွေ ရှိတတ်ကြပါတယ်။ သင့်အနေနဲ့ Best Friend လို့သတ်မှတ်ထားတဲ့သူတွေက သူငယ်ချင်းအသစ်တွေရသွားတဲ့အခါ သင့်အပေါ်စိမ်းကားသွားသလိုမျိုး အရင်ကလိုတရင်းတနှီးမရှိတော့သလို ခံစားမိတဲ့အချိန် ဝမ်းနည်းခံစားနေမယ့်အစား ဒီလိုလေးတွေ ဖြည့်တွေးပေးလိုက်ပါ။
ဘာကြောင့်ပဲဖြစ်ဖြစ် လူဆိုတာတော့ ပြောင်းလဲတတ်တာချည်းပါပဲ။ ကိုယ့်အနေနဲ့ ဒါတွေကို လိုက်ခံစားနေဖို့ မလိုပါဘူး။ အရင်လို ကလေးသေးသေးလေးလည်း မဟုတ်တော့တဲ့အတွက် သူကငါ့ကိုမခေါ်တော့ဘူး၊ မခင်တော့ဘူးဆိုပြီး ဝမ်းနည်းမနေပါနဲ့။ အရာရာကိုလိုက်ကြည့်ပြီး မမြင်ပါနဲ့ မခံစားပါနဲ့။ ဒါက အရေးမကြီးတဲ့ အသေးအမွှားကိစ္စတစ်ခုပါ။ ကိုယ့်မှာရှေ့ဆက်ရမယ့် အနာဂတ်နဲ့ နေ့ရက်တွေ၊ လုပ်ရမယ့်အရာတွေက အများကြီးရှိပါတယ်။ ကိုယ်လည်း လူသစ်တွေနဲ့ တွေ့ဆုံပြီးခင်မင်သွားမှာပဲ့လေ။
ကိုယ်နဲ့အကျင့်စရိုက်ချင်းမတူရင်လည်း လူတွေက အလိုလိုကွဲထွက်သွားတာပါပဲ။ ဥပမာ သူက Club သွားရတာကြိုက်တယ်၊ ကိုယ်က Club သွားရတာမကြိုက်ဘူး ဝါသနာမပါဘူး။ သူ Club သွားချင်တဲ့အခါ သင့်ကိုမခေါ်ပဲ Club သွားချင်တဲ့ အခြားတစ်ယောက်ကို ခေါ်ပြီးသွားမှာပဲ။ ဒါက သူ့အမှားလည်းမဟုတ်ဘူး။ ကိုယ်နဲ့အကျင့်ချင်းတူတာတွေနဲ့ပဲ အများဆုံးပေါင်းသင်းဖြစ်ကြတာပဲ။ ဒါတွေကို လိုက်ခံစားနေမယ့်အစား ကိုယ့်အောင်မြင်မှုအတွက် ပိုက်ဆံရှာဖို့အတွက်ပဲ ခေါင်းထဲထည့်ထားပြီး ဆက်လုပ်ပါ။ ကိုယ့်မိသားစုကိုပဲ တန်ဖိုးထားပြီးဂရုစိုက်ပါ။
ကိုယ်နဲ့ခင်ခဲ့ဖူးတဲ့သူတွေကိုလည်း အရင်တိုင်းပဲဆက်ခင်ပါ။ သူတို့ဘက်ကကောင်းသည်ဖြစ်စေ၊ မကောင်းဘူးဖြစ်စေ ကိုယ့်အနေနဲ့ကတော့ စိတ်ထဲဘာမှမထားပဲ တွေ့ရင်ရယ်ပြ စကားပြော၊ နှုတ်ဆက်တာလောက်တော့ လုပ်ပေးပါ။ ကိုယ့်ဘက်က သူတို့အခေါ်တော့လို့၊ အရင်လိုမခင်တော့လို့ဆိုပြီး စိတ်ဆိုးပြီး စကားမပြောတော့တာမျိုးမလုပ်ပါနဲ့။ ဘယ်သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကောင်းနေဖို့ ကိုယ့်ဘက်ကမှန်နေဖို့ပဲ လိုပါတယ်။