ဆံပင်က ဂုတ်ကျော်လာရင် အရှည် နှေးလာတတ်သလို ဆံပင်ပျက်စီးတဲ့အခါလည်း ဆံပင်ရှည်ဖို့ ခက်ခဲလာတတ်ပါတယ်။ ဆံပင်ရှည်ရှည်လေးမှ ကောက်တဲ့အခါ ကွက်တိ လိုချင်တဲ့ အရှည်ရပြီး ဘယ်လိုပုံစံလေး ဖြစ်ဖြစ် ဂန္တဝင်ဆန်ဆန်လေး လှနေမှာပါ။ ဒီတစ်ခေါက်မှာတော့ ဆံပင်ရှည်လာဖို့ ပြုလုပ်နိုင်တဲ့ ရိုးရှင်း လွယ်ကူတဲ့ နည်းလမ်းတွေကို ဖော်ပြပါရစေ။
၁။ ခေါင်းလျှော်ရည်ထဲ ကော်ဖီမှုန့်ထည့်ပေးပါ
ကော်ဖီမှုန့်ထဲမှာ ပါတဲ့ Antioxidants တွေက ဆံပင်အရှည် မြန်ဖို့ ကူညီပေးပါတယ်။ ဦးရေပြားကို အားဖြည့်ပေးပြီး ပိုပြီး ဆံပင်အရှည် မြန်လာပါလိမ့်မယ်။ လက်ဖဝါးပေါ်မှာ ကော်ဖီမှုန့်ကို တင်ကာ ရှန်ပူနဲ့ ရောပြီး ဦးရေပြားကို ပွတ်ပေးရပါမယ်။
၂။ ဆန်ဆေးရည်နဲ့ ဆေးချပါ
နှစ်ခါ မြောက် ဆေးထားတဲ့ ဆန်ဆေးရည်ကို ယူကာ ဦးရေပြားပေါ် ခေါင်းလျှော်တဲ့အခါ လောင်းချပေးရပါမယ်။ ဆန်ဆေးရည်နဲ့ ဆေးတာကို တစ်ပတ်မှာ နှစ်ကြိမ်လောက် လုပ်ပေးသင့်ပါတယ်။ ဆန်ဆေးရည်က ဆံပင်ရှည်စေတဲ့အပြင် ဆံသားကို တောက်ပြောင်ကာ ချောမွေ့စေပါတယ်။
၃။ ဆံပင်ကို ကာကွယ်ပါ
ဆံသားကို နေရောင်မထိအောင်၊ ပြင်ပ အမှုန်တွေ ထိခြင်း နည်းအောင် ကာကွယ်ပေးနိုင်တဲ့ ဆံပင်စတိုင်ကို ထားနိုင်ပါတယ်။ ဆံပင်ကို ထုံးထားတာက ကာကွယ်ပေးနိုင်တဲ့ ဆံပင်စတိုင်ပါ။
၄။ အားကစားလုပ်ပါ
အားကစား လုပ်တာက ဦးရေပြားကို အားဖြည့်ပေးပြီး သွေးလည်ပတ်မှု ကောင်းစေတာကြောင့် ဆံပင်ပို အရှည်မြန်စေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဝိတ်ကျစေမယ့်အပြင် ဆံပင်အရှည်မြန်တာပါ လက်ဆောင်ထပ်ရနိုင်ပါတယ်။
၅။ အစားအသောက်
အစားအသောက်တွေထဲမှာ Biotin, Zinc, သံဓာတ်၊ Omega 3 စတဲ့ ဗီတာမင်တွေ ပါဝင်မှု များတဲ့ အစားအသောက်တွေကို ပိုစားပေးသင့်ပါတယ်။ ဒီဗီတာမင်ဓာတ်တွေ ကြွယ်ဝတဲ့ အစားအသောက် အချို့ကတော့- ထောပတ်သီး၊ ကြက်ဥ၊ ဘယ်ရီသီး၊ ဟင်းနုနွယ်ရွက် စတာတွေ ဖြစ်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar