သင့်အသိတစ်ယောက်ယောက် ခန္ဓာကိုယ်မှာ နေမကောင်းဖြစ်ပြီး အချိန်တစ်ခုကြာတဲ့အထိ မသက်မသာဖြစ်ပြီဆိုတာနဲ့ ဒီရောဂါက ဘာဖြစ်တာလဲဆိုပြီး အင်တာနက်ကို အားကိုးတကြီးနဲ့ ရှာခဲ့တဲ့ အချိန်တွေရှိဖူးကြမှာပါ။ ဘာလို့လဲဆိုတော့ အင်တာနက်ပေါ်မှာက ကိုယ့်သိချင်တဲ့အကြောင်းအရာတစ်ခုကို Google ခေါက်လိုက်ရုံနဲ့ ဂဂဃဃသိရတဲ့အတွက်ကြောင့်ပဲ့ဖြစ်ပါတယ်။ တစ်ခါတလေတော့ အဲ့လိုရှာလိုက်တာက စိတ်ထဲရှိနေတဲ့သံသယတွေကို ရှင်းသွားစေပါတယ်။ ဒါပေမဲ့ အဲ့ဒီရဲ့တခြားတဖက်မှာတော့ Cyberchondriaဆိုတဲ့ ရောဂါဖြစ်နိုင်ချေ ပိုများနိုင်ပါတယ်။

Cyberchondria ဆိုတာကတော့ အင်တာနက်ပေါ်မှာ ရောဂါလက္ခဏာအကြောင်း ရှာလိုက်ရင် ပြီးပြီလို့ ယုံကြည်ထားကြသူတွေပါ။ တဖြည်းဖြည်း ဘာရောဂါပဲဖြစ်ဖြစ် ခန္ဓာကိုယ်မအီမသာဖြစ်လာတဲ့အချိန်တိုင်း အင်တာနက်ခေါက်ရှာတတ်တဲ့အကျင့်က အမြစ်တွယ်လာတတ်ပါတယ်။ အင်တာနက်က နည်းလမ်းတွေနဲ့ ကိုယ့်နည်းကိုယ့်ဟန် ကုနိုင်တယ်လို့ ယုံကြည်လာတတ်ကြပါတယ်။ ဒီလိုအကျင့်ရှိနေသူတွေဟာ Cyberchondria ရောဂါရှိသူတွေလို့ ပြောနိုင်ပြီး အင်တာနက်ကို ဆေးဘက်ဆိုင်ရာနဲ့ ပတ်သက်ပြီး လွဲမှားစွာသုံးစွဲနေသူတွေပါ။

Cyberchondria ရောဂါကနေတဆင့် စိုးရိမ်မှုတွေ ပိုများလာပါတယ်

အခုခေတ်မှာ ဆရာဝန်တွေဟာ ခေါင်းကိုက်လို့ ဦးနှောက်မှာ အကျိတ်ရှိနေပြီလို့ ထင်တတ်တဲ့ လူနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလက္ခဏာတွေဟာ အင်တာနက်ပေါ်ကနေ ဦးနှောက်နဲ့ပတ်သက်တဲ့ ရောဂါတွေကို လိုက်ရှာထားကြလို့ပါ။ Cyberchondria ဆိုတာကတော့ ရောဂါတွေအကြောင်းကို အင်တာနက်ကနေ ရှာမယ်။ ဘယ်လိုအခြေအနေတွေဖြစ်တတ်လဲ လိုက်ကြည့်မယ်။ ဒီကနေတစ်ဆင့် သူတို့ရဲ့ စိုးရိမ်မှုအဆင့်ဟာ မြင့်တတ်လာတတ်ပါတယ်။

Cyberchondria ရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

စိုးရိမ်မှုအဆင့်တိုးလာခြင်း – ရောဂါလက္ခဏာတွေကို လိုင်းပေါ်မှာ ပုံမှန်ရှာဖွေတတ်တာက ရောဂါကို ပိုတိုးစေပြီး လိုတာထက်ပိုပြီး စိုးရိမ်တတ်တဲ့အကျင့် ဖြစ်လာပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသရင်း အမှန်တကယ် ကုသခံမှုကို ရပ်တန့်လိုက်ခြင်း- တချို့ Cyberchondria ရောဂါရှိသူတွေဆိုရင် ဆေးခန်းမသွားဘဲနဲ့ ကိုယ့်အိမ်မှာပဲ အင်တာနက်က နည်းလမ်းတွေနဲ့ ရောဂါသက်သာအောင် ပြုလုပ်တတ်ကြပါတယ်။ တချို့တွေဆိုရင် အင်တာနက်ပေါ်က အချက်အလက်တွေကို အယုံလွန်ပြီး ဆရာဝန်ပြောတာတွေကိုတောင် နားမထောင်တော့ပါဘူး။ ဒီလုပ်ရပ်တွေက အဆိုပါလူတွေအတွက် အန္တရာယ်များလွန်းပါတယ်။

Hypochondria ရောဂါစွဲကပ်လာခြင်း- ဒီရောဂါရဲ့ အဓိပ္ပာယ်ကတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အစိုးရိမ်ကြီးလွန်းတဲ့ ဝေဒနာပိုင်ဆိုင်ထားသူတွေလို့ ဆိုလိုတာပါ။

Cyberchondria ရောဂါရှိသူတွေဟာ Hypochondria ရောဂါဘက်သို့ ကူးပြောင်းသွားတတ်ပါတယ်။

Nosophobia – ဒီရောဂါကိုတော့ ဆေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ အမြဲထိတွေ့နေရတဲ့ ဆေးဘက်ဆိုင်ရာကျောင်းသားတွေမှာ တွေ့ရတတ်တာပါ။ ဥပမာ မသန့်တဲ့ပစ္စည်းတစ်ခုခုကို ထိလိုက်တာနဲ့ ငါတော့ ရောဂါကူးပြီလို့ ထင်တတ်သူတွေပါ။ အဲ့လိုယုံကြည်နေတဲ့သူတွေဟာ တကယ်လည်း စိုးရိမ်သလို ဖြစ်သွားတတ်ပါတယ်။

အကယ်၍ Cyberchondria ရောဂါရှိခဲ့ပါက ဘယ်လိုရင်ဆိုင်မလဲ

ဘယ်လိုရင်ဆိုင်ရမလဲဆိုတော့ ဒီလိုရောဂါတွေက ကိုယ့်ရဲ့စိတ်နဲ့ပဲဆိုင်တာပါ။ ရောဂါခံစားနေရသူရဲ့ ဆွေမျိုးတွေမိတ်ဆွေတွေ အနေနဲ့လည်း သူတို့ဟာ တကယ်တော့ဘာမှမဖြစ်ဘူး။ ကျန်းမာပါတယ်ဆိုပြီး ယုံကြည်ခိုင်းရပါမယ်။ မိသားစုရဲ့ ပံ့ပိုးမှုရှိတာကလည်း ဒီရောဂါအတွက် ထိရောက်တဲ့ကုသမှုပါ။

သိထားရမှာတစ်ခုကတော့ ဘယ်လိုရောဂါပဲဖြစ်ဖြစ် အင်တာနက်ကိုပဲ အားထားနေလို့မရပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်တာထက် ပိုကောင်းတာ ဘာမှမရှိပါဘူး။ ကိုယ့်မှာ မအီမသာရောဂါတစ်ခုခု တွေ့လာပြီဆိုတာနဲ့ ဆေးခန်းသွားပြဖို့ လက်မတွန့်သင့်ပါဘူး။ ထိခိုက်ဒဏ်ရာသေးသေးလေး ရှိခဲ့ရင်လည်း တန်းပြီး အင်တာနက်ရှာနေစရာမလိုပါဘူး။ ဆေးခန်းမသွားရင်တောင် သိတတ်နားလည်တဲ့ ကိုယ့်ရဲ့ မိဘတွေ ဆွေမျိုးတွေနဲ့ တိုင်ပင်လို့ရပါတယ်။ အင်တာနက်ပေါ်မှာရှာတာက မှန်တာလည်းရှိသလို မှားတာလည်းရှိနိုင်ပါတယ်။ အင်္ဂလိပ်လိုရေးထားတိုင်း မှန်တယ်လို့ ထင်နေတဲ့ အကျင့်ကို ဖျောက်သင့်ပါတယ်။

Source: Brightside.me