အချစ်ရေးတစ်ခုမှာ လိင်ကိစ္စက မဖြစ်မနေ အရေးကြီးတာ မှန်ပေမယ့် ဒီတစ်ခုတည်းကို ဦးတည်နေရင်တော့ ဒါက တကယ်ချစ်တာ မဟုတ်သေးပါဘူး။ ချစ်ရသူနဲ့ ဒီကိစ္စအပြင် တခြားလုပ်လို့ရတာ အများအပြား ရှိပါသေးတယ်။ တခြားကိစ္စတွေ အတူတူ လုပ်ပေးမှ သံယောဇဉ်ပို တွယ်ကာ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာနိုင်မှာပါ။ သင်က ချစ်သူနဲ့ ဖြူဖြူစင်စင် အမှတ်တရတွေ ဖန်တီးချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ အရာတွေကို ပြုလုပ်နိုင်ပါတယ်။

၁။ အကြည့်ချင်း ပြိုင်ပါ

သင်က ချစ်ရသူနဲ့ အကြာကြီး တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ဖူးလား။ ဒီလို အကြည့်ချင်း ပြိုင်လိုက်ပြီးနောက် ဘယ်သူက ဘယ်သူ့အကြည့်မှာ ကျရှုံးလဲ သိနိုင်ပါတယ်။ ဒါက ပျော်ဖို့လည်း ကောင်းပါတယ်။ ဘယ်သူက ဘယ်သူ့အကြည့်ကို မခံနိုင်ဘူးလဲ ဆိုတဲ့ အရာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။

၂။ အမြင်မတူတာကို ဆွေးနွေးပါ

ချစ်သူစုံတွဲ အများစုက အကြိုက်၊ ဝါသနာ အများစု တူနေနိုင်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ လုံးဝ ဆန့်ကျင်ဘက် အတွေးမတူတဲ့ ကိစ္စတစ်ခုကို ငြင်းခုန်ကြည့်သင့်ပါတယ်။ သင်တို့ နှစ်ဦးမှာ အမြင်မတူတဲ့ ရုပ်ရှင်ဇာတ်လမ်း၊ ကိစ္စတစ်ခုခု ရှိကို ရှိမှာပါ။ ဒါကို အချိန်ပေးပြီး ငြင်းခုန်သင့်ပါတယ်။ ဒါက ပျော်ဖို့ကောင်းပါတယ်။

၃။ အတူတူ ဂိမ်းကစားပါ

သင်တို့ နှစ်ဦးမှာ တစ်ယောက်ယောက်က ဂိမ်းကစားရတာကို နှစ်သက်မှာပါ။ ဒီတစ်ခေါက်မှာတော့ သင်တို့ နှစ်ဦးလုံး ဂိမ်းတူတူ ကစားကြည့်သင့်ပါတယ်။ နှစ်ယောက်လုံး စိတ်ဝင်စားနိုင်မယ့် ဂိမ်းအစီအစဉ်တစ်ခုကို ရှာပြီး တူတူ ကစားသင့်ပါတယ်။

၄။ အတူတူ ကခုန်ပါ

နှစ်ယောက်လုံး ကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို ရွေးချယ်ကာ သံစဉ်နဲ့ လိုက်ပြီး ခန္ဓာကိုယ်ကို လွတ်လွတ်လပ်လပ် လှုပ်ရှားသင့်ပါတယ်။ သီချင်းနဲ့ အတူတူ ကချင်သလို ကခဲ့ဖူးတဲ့ အမှတ်တရလေးက သင်တို့ နှစ်ယောက်ရဲ့ အမှတ်တရတွေထဲမှာ တန်ဖိုးအရှိဆုံး တစ်ခုအနေနဲ့ ကျန်ခဲ့မှာပါ။

၅။ ရှက်စရာ ကိစ္စဖြစ်ခဲ့ဖူးတဲ့ အတိတ်အကြောင်းပြန်ပြောပါ

သင်တို့နှစ်ဦးလုံးမှာ ငယ်ငယ်က ရှက်စရာ ဖြစ်ခဲ့ဖူးတဲ့ ကိစ္စတစ်ခုခု ရှိခဲ့ဖူးမှာပါ။ ဒီအရာက လက်ရှိအချိန်မှာတော့ ဟာသအနေနဲ့ ကျန်ခဲ့နိုင်ပါတယ်။ ဒီအရာကို နှစ်ယောက်လုံး ရင်ဖွင့်တာက ပျော်ဖို့ကောင်းသလို စိတ်ချင်းပိုနီးသွားပါလိမ့်မယ်။

၆။ ဝါသနာအကြောင်း ပြောပြပါ

နှစ်ယောက်လုံးရဲ့ ဝါသနာက ဘာတွေလဲ အချင်းချင်း ပြောပြနိုင်ပါတယ်။ ဘယ်သူက ဘာလုပ်ရတာ ကြိုက်လဲ သိထားတဲ့အခါ အရင်ထက် တစ်ယောက်အကြောင်း တစ်ယောက် ပိုသိသွားပါလိမ့်မယ်။

၇။ သီချင်းတူတူဆိုပါ

ကတာအပြင် ထပ်လုပ်နိုင်တာက သီချင်းအတူတူ ဆိုတာပါ။ တစ်ယောက်အိပ်တဲ့အချိန် ကျန်တစ်ယောက်က သီချင်းအေးအေးလေး ဆိုပြပြီး ချော့သိပ်နိုင်ပါတယ်။ သံစဉ်တွေက နှစ်ဦးကြား စိတ်ကူးယဉ်ဆန်စေဖို့ ပံ့ပိုးပေးတဲ့ တူရိယာတွေပဲ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar