ဘယ်အရာကိုပဲလုပ်လုပ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေဖို့က အရေးကြီးပါတယ်။ ဒါမှ အရာရာကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ပါမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူးဆိုရင်တော့ ကြာလာတဲ့အခါမှာ ဒီလိုအရာတွေဖြစ်ပေါ်လာနိုင်ပါတယ်။

စိတ်ဓာတ်ကျလာခြင်း

ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့ ဘာမှတောင်မလုပ်ရသေးဘူး ငါလုပ်နိုင်ပါ့မလား၊ ငါမလုပ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးဆိုတဲ့ Negative အတွေးတွေပဲ တွေးနေမိမယ်။ တစ်ခုခုဆို အကောင်းဘက်ကို အရင်မတွေးပဲ အဆိုးဘက်ကိုပဲ အရင်တွေးနေမိမယ်။ အဲ့လိုနဲ့ပဲ မလုပ်ဖြစ်တော့ဘူး၊ လက်လျော့လိုက်တာမျိုးတွေဖြစ်ပြီး စိတ်ဓာတ်တွေကျလာမှာပါပဲ။

အားငယ်စိတ်တွေဝင်လာခြင်း

သူများတွေလုပ်နိုင်တာ၊ အောင်မြင်တာတွေကိုတွေ့ရင် ငါကျမလုပ်နိုင်ဘူး၊ ငါကျ အဲ့လိုဖြစ်လာမှာ မဟုတ်ပါဘူးဆိုပြီး အားငယ်စိတ်တွေ၊ သိမ်ငယ်စိတ်တွေ ဝင်လာပါလိမ့်မယ်။ အလိုလိုနေရင်းနဲ့ ဝမ်းနည်းလာမယ်။ ကိုယ့်အတွေးတွေနဲ့ပဲ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်ပါတယ်။

Depression ဝင်လာခြင်း

အစထဲက ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့သူက တစ်ခုခုကို အရဲစွန့်ပြီးလုပ်လိုက်လို့ ကျရှုံးသွားတဲ့အခါမှာ သူများထက်ပိုပြီးတော့ စိတ်ထိခိုက်လွယ်၊ ဝမ်းနည်းလွယ်လာပါတယ်။ စိတ်ဓာတ်တွေ ပိုကျပြီး ပြန်ကြိုးစားချင်စိတ်တွေ မရှိတော့ပဲ Depression တွေပါဝင်လာနိုင်ပါတယ်။

လမ်းပျောက်လာခြင်း

ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့ ဘာကိုပဲဖြစ်ဖြစ် မလုပ်ရဲဘူး၊ မလုပ်နိုင်ဘူးဖြစ်နေပြီး ရှေ့ကိုမရောက်တော့ဘူး။ သူများထက်ပိုပြီး နောက်ကျကျန်ခဲ့ပါလိမ့်မယ်။ အတွေးတွေများနေပြီး ကိုယ်ဘာလုပ်ချင်မှန်းမသိ၊ ဘာဖြစ်မှန်းမသိနဲ့ ကိုယ့်ဘဝအတွက် လမ်းပျောက်လာပါလိမ့်မယ်။