အားလုံးပဲမင်္ဂလာပါ။ ပူအိုက်တဲ့ရာသီရောက်လာပြီဖြစ်လို့ ဦးရေပြားချွေးထွက်ပြီး ဆံသားစေးစေးကပ်ဖြစ်တာ၊ ခေါင်းခဏခဏလျှော်မိတာ၊ နေလောင်တာစတဲ့ ဆံသားပျက်စီးလွယ်စေမယ့် ပြဿနာတွေနဲ့ ပိုကြုံလာရပြီပဲ ဖြစ်ပါတယ်နော်။ ဒီတော့ ဆံသားပျက်စီးမှုနည်းအောင် ပေါ့ပေါ့ပါးပါးနဲ့ ပုံမှန်ထိန်းသိမ်းလို့ရတဲ့ နည်းလမ်းတွေသိထားဖို့ လိုလာပါပြီ။ ဒီတစ်ခေါက်ပြောပြပေးမယ့် ဆံသားထိန်းသိမ်းနည်းလေးတွေက ပျိုမေတို့အများစု သိပ်သတိမထားမိလောက်သေးတဲ့နည်းတွေဖြစ်ပေမယ့် လုပ်ရလွယ်ပြီး ဆံသားကျန်းမာရေးအတွက်လည်း အမှန်တကယ်အကျိုးရှိစေမှာပါ။ ဒါကြောင့် ဖော်ပြထားတဲ့ ထိန်းသိမ်းနည်းတွေကို စမ်းလုပ်ကြည့်ဖို့ မမေ့ပါနဲ့နော်။
၁။ အဆီပြန်ဆံသားအတွက် Baking Soda
မုန့်ဖုတ်ဆိုဒါက အလှအပပိုင်းအတွက် ဘက်စုံအသုံးဝင်တဲ့ ပစ္စည်းတစ်ခုလို့ပြောလို့ရပါတယ်။ သူ့ကို အဆီပြန်တတ်တဲ့ ဦးရေပြားအတွက် ဈေးသက်သာပြီး ထိရောက်တဲ့ သဘာဝချေးချွတ်သန့်စင်ပစ္စည်း အဖြစ်သုံးနိုင်သလို အသုံးပြုရမယ့်ပုံစံကတော့ ရေအနည်းငယ်နဲ့အတူ ရေပမာဏရဲ့ သုံးပုံတစ်ပုံခန့်ရှိတဲ့ မုန့်ဖုတ်ဆိုဒါတို့ကိုရောမွှေကာ ဦးရေပြားနဲ့ ဆံသားတွေမှာလိမ်းပေးရမှာဖြစ်ပါတယ်။
၂။ စေးကပ်ခြင်းသက်သာစေမယ့် Oat ဂျုံမှုန့်
ဆံပင်စေးကပ်ကပ်ဖြစ်တဲ့သူတွေအနေနဲ့ ခေါင်းခဏခဏလျှော်ရတဲ့အခါ ဆံသားပျက်စီးစေတာကြောင့် အဲ့ဒီ့အစား Oat ဂျုံမှုန့်ကို Dry Shampoo အဖြစ်အသုံးပြုနိုင်ပါတယ်။ အရောအနှောမပါတဲ့ ကြိတ်ပြီးသား Oat ဂျုံမှုန့် အနည်းငယ်ကို စေးကပ်ကပ်ဖြစ်နေတဲ့ ဦးရေပြားနဲ့ ဆံသားအရင်းတွေပေါ်ပွတ်လိမ်းပေးပြီး ခေါင်းဖြီးချလိုက်ရုံနဲ့ ခေါင်းလျှော်ပြီးခါစလို စေးကပ်မှုမရှိတဲ့ ဆံသားကိုအချိန်တိုအတွင်းရစေမှာပါ။
၃။ ပေါင်းဆေးနဲ့ခေါင်းလျှော်ခြင်း
တစ်ခါတစ်ရံမှာ ခေါင်းလျှော်ရည်မသုံးဘဲ ပေါင်းဆေးတစ်မျိုးထဲနဲ့လျှော်လိုက်တာကလည်း ဆံပင်ကျွတ်ခြင်းကိုလျှော့ချပေးပြီး ဆံသားအစိုဓာတ်ရစေတဲ့အပြင် ဆံပင်အရောင်ရှိသူတွေ အချိန်တိုအတွင်းအရောင်မကျအောင်လည်း ကူညီပေးနိုင်မှာပါ။ ဒီနည်းက ဆံပင်အဆီထွက်ခြင်းအတွက် ထိရောက်မှုသိပ်မရှိတာကြောင့် အဆီပြန်ဆံသားရှိသူတွေထက် Dry Hair သမားတွေအတွက် ပိုသင့်တော်ပါတယ်။
၄။ Skincare ပစ္စည်းတွေနဲ့ ဦးရေပြားကိုလိမ်းပေးခြင်း
မျက်နှာအသားအရေအတွက်သုံးတဲ့ Skincare တွေကို ဦးရေပြားအတွက်ပါအသုံးပြုနိုင်ပါတယ်နော်။ ဥပမာ Skincare တွေမှာပါတဲ့ Peptides ၊ Salicylic Acid စတဲ့ အာနိသင်တွေက ဆံသားမွှေးညှင်းပေါက်တွေကို အားဖြည့်ပေးပြီး ဆံပင်အရှည်မြန်လာစေဖို့အတွက်ပါကူညီပေးမှာပါ။ သင့်အနေနဲ့ Hair Care ပစ္စည်းတွေ ဝယ်တဲ့အခါမှာလည်း ဖော်ပြထားတဲ့ ဓာတ်တွေပါဝင်တဲ့ထုတ်ကုန်တွေကို အသုံးပြုဖို့အကြံပြုချင်ပါတယ်။
၅။ ဦးရေပြားကို သကြားညိုနဲ့ Exfoliate လုပ်ခြင်း
ဦးရေပြားသန့်စင်ဖို့အတွက် သကြား Scrub ပြုလုပ်ပြီး ချေးချွတ်ပေါင်းတင်တာမျိုးလည်းပြုလုပ်နိုင်ပါတယ်။ ဦးရေပြားကို Exfoliate လုပ်ပေးတာက မလိုအပ်တဲ့ဆဲလ်သေ၊ အဆီနဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ပြုလုပ်ရမယ့်ပုံစံကတော့ သံလွင်ဆီနှစ်ဇွန်းခန့်နဲ့ သကြားညို နှစ်ဇွန်း၊ သုံးဇွန်းတို့ကို ရောပေးရမှာပါ။ Essential Oil သုံးတတ်တဲ့သူတွေအနေနဲ့ အနည်းငယ်အစက်ချပေးနိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေရောပြီးသားကို ရေမစိုထားတဲ့ ဦးရေပြားနဲ့ဆံသားပေါ် ဆံကြောင်းခွဲကာ စက်ဝိုင်းပုံလှည့်လိမ်းပေးပြီး နှစ်မိနစ်ခန့်ထားကာ ပုံမှန်အတိုင်းခေါင်းပြန်လျှော်ပေးနိုင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar