‌ယောဂကစားနည်းက အမျိုးသမီးအများစု ရင်းနှီးတဲ့ လေ့ကျင့်ခန်းတစ်ခုလို့ပြောနိုင်ပါတယ်။ သို့သော် ယောကျ်ားလေးတွေရော ယောဂကျင့်လို့မရဘူးလား။ အဖြေကတော့ သိပ်ရတာပေါ့။

ယောဂလေ့ကျင့်ခန်းက အမျိုးသမီးတွေရောအမျိုးသားတွေအတွက်ပါ အကျိုးထူးစေတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။

ဒီနေ့တော့ အမျိုးသားတွေအတွက် ယောဂလေ့ကျင့်ခန်းကပေးတဲ့ ကောင်းကျိုးတွေကိုမျှဝေပေးချင်ပါတယ်။

ခန္ဓာကိုယ်ကို တည်ငြိမ်စေတယ် – ယောဂပုံမှန်လေ့ကျင့်ပေးတဲ့အခါ ကြွက်သားတွေကိုအားကောင်းလာစေပြီး အရိုးအဆစ်တွေကို အားကောင်းလာစေပါတယ်။ ယောဂကျင့်စဉ်တွေမှာ Downward-Facing လို့ခေါ်တဲ့ ကိုယ်ခန္ဓာကိုမှောက်လျက်လေးဘက်ထောက်အနေအထားနဲ့ တကိုယ်လုံးကိုဆန့်ထုတ်တဲ့ပုံစံ၊ Plank ထောက် တဲ့ပုံစံ၊ စစ်သည်တော်ပုံစံစတဲ့ ယောဂကျင့်စဉ်အနေအထားတွေက ပုံမှန်လေ့ကျင့်ခန်းတွေမှာသိပ်မတွေ့ရဘဲ ခန္ဓာကိုယ် ဟန်ချက်ညီအောင်ထိန်းနိုင်ဖို့စိန်ခေါ်တဲ့ ကိုယ်နေဟန်ထားတွေပါဝင်နေပါတယ်။

အသက်ရှူစနစ်ကိုကောင်းမွန်စေတယ် – ပုံမှန်ဆိုရင်တော့ သင့်အနေနဲ့အသက်ရှူတဲ့နေရာမှာ ပြဿနာမရှိဘူးလို့ထင်နိုင်ပါတယ်။ ဒါပေမယ့် ယောဂလေ့ကျင့်တဲ့အခါ သင်သတိထားမိမှာက ခန္ဓာကိုယ်အတွက် အသက်ရှူသွင်းရှူထုတ်လုပ်ငန်းစဉ်က ဘယ်လာက်အရေးကြီးတယ်ဆိုတာကိုပါ။

စွမ်းဆောင်ရည်မြင့်စေတယ် – တီထွင်ဖန်တီးမှုနဲ့ စိတ်ကူးအသစ်တွေက တိတ်ဆိတ်တဲ့နေရာမှာ ကိုယ်ကိုယ်ကိုအနားပေးခြင်းနဲ့ ငြိမ်ငြိမ်သက်သက်နေခြင်းတို့ကနေအများဆုံးရတယ်ဆိုတာ လေ့လာတွေ့ရှိချက်တွေအရသိနိုင်ပါတယ်။ ဒီနေ့စီးပွားရေးလောကမှာ ယောဂလေ့ကျင့်တာနဲ့ တရားထိုင်တာတွေက ပိုပြီးအရေးပါလာပါပြီ။ လေ့ကျင့်နေစဉ် ခန္ဓာကိုယ်စွမ်းအင်ထုတ်လွှတ်မှုကိုလှုံ့ဆော်ပေးပြီး တည်ငြိမ်မှုကိုရစေတဲ့အတွက် ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေ၊ ကောင်းမွန်တဲ့ လုပ်ငန်းခွင်စွမ်းဆောင်ရည်နဲ့ ဆက်ဆံရေးတွေကိုရစေပါတယ်။

ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးတယ် – ဆေးပညာဂျာနယ်တခုရဲ့ ဖော်ပြထားချက်အရ ကလပ်စည်းအဆင့်ကနေမျိုးရိုးဗီဇပြောင်းလဲမှုဖြစ်စဉ်တွေမှာ ယောဂကျင့်စဉ်တွေဟာကိုယ်ခံစွမ်းအားကိုမြင့်စေနိုင်တယ်လို့တွေ့ရပြီး ဒီအကျိုးကျေးဇူးတွေကို ယောဂလေ့ကျင့်နေစဉ်အချိန်မှာ ပိုပြီးတွေ့ကြုံခံစားရပါတယ်။