အားလုံးပဲမင်္ဂလာပါနော်။ ဘဝမှာ ကိုယ်သဘောကျတဲ့သူကြောင့်ပဲဖြစ်ဖြစ် ချစ်သူရည်းစားတွေကြောင့်ပဲဖြစ်ဖြစ် အသည်းကွဲရတဲ့ ခံစားချက်ကို တော်တော်များများကြုံဖူးကြမှာပါ။ အချို့တွေကအသည်းကွဲပြီးနောက် စိတ်အပြောင်းအလဲလုပ်ရင်း ခပ်မြန်မြန်မေ့လိုက်နိုင်ကြတဲ့သူတွေရှိသလို မကြာခဏ သတိရပြီး စိတ်ဒဏ်ရာတွေနဲ့ ပိတ်မိနေတတ်တဲ့သူတွေလည်းရှိတတ်ပါတယ်။ ဒီလို အသည်းကွဲစိတ်ကနေ ရုန်းမထွက်နိုင်တာက ရေရှည်အတွက်မကောင်းပါဘူး။ သင့်ကိုတစ်ယောက်ထဲ အတွေးများပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်နည်းလာတာ၊ သံသဃများတာနဲ့ လူတွေအပေါ်အဆိုးမြင်စိတ်များလာတာတွေ ဖြစ်စေတတ်ပါတယ်။


အသည်းကွဲပြီးနောက် သင့်စိတ်ကိုပေါ့ပေါ့ပါးပါးနဲ့ အသစ်ကပြန်စနိုင်ဖို့ လက်ခံပြုလုပ်ပေးဖို့လိုတဲ့အရာတွေ ရှိပါတယ်။ ဒါတွေကိုသိနိုင်ဖို့ ဒီတစ်ခေါက်မှာ လူမှုဆက်ဆံရေးကျွမ်းကျင်သူတွေကိုယ်တိုင် အကြံပြုထားတဲ့ အသည်းကွဲစိတ်ကိုမြန်မြန်ကုစားနိုင်ဖို့ ပြုလုပ်ပေးရမယ့်အရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်တစ်ယောက်တည်းရဲ့အမှားမဟုတ်ကြောင်းလက်ခံပေးပါ


အသည်းကွဲတာကနေ ရုန်းမထွက်နိုင်ကြတဲ့သူတွေအများစုက ဒီလိုဖြစ်ရတာဟာ သူတို့ကိုယ်သူတို့ တစ်ဖက်လူအတွက် မပြည့်စုံတာကြောင့်လို့ တွေးမိတတ်ကြပါတယ်။ ဒါက သင့်ကြောင့်ချည်းပဲမဟုတ်ပါဘူး။ သင့်အနေနဲ့ ကိုယ့်အမှားမဟုတ်တာကို လက်ခံပြီး အရမ်းမခံစားဘဲ အတွေ့အကြုံတစ်ခုအဖြစ်သာ သတ်မှတ်ပြီး သင်ခန်းစာယူဖို့လိုပါတယ်။

၂။ လမ်းခွဲပြီးနောက်အခြေအနေကို လက်ခံနိုင်ဖို့ကြိုးစားပါ


လမ်းခွဲပြီးတဲ့အမှန်တရားကို လျစ်လျူရှုပြီး အတိတ်မှာပဲပိတ်မိကာ မေ့ပစ်ဖို့မကြိုးစားတာကလည်း သင့်စိတ်ကို ကိုယ်တိုင်ဒုက္ခပေးရာရောက်စေမှာပါ။ ဒါကြောင့်ခံစားစရာရှိတာကို ဖွင့်ထုတ်ကာ စိတ်ရှိလက်ရှိခံစားလိုက်ပြီး မေ့ပစ်ပြောင်းလဲနိုင်ဖို့ ကြိုးစားကြည့်သင့်ပါတယ်။

၃။ ကိုယ့်ဘေးမှာ Support ပေးနိုင်တဲ့သူတွေနဲ့ ဝန်းရံထားပါ


နောက်ထပ်လုပ်ရမှာကတော့ တစ်ယောက်ထဲကြိတ်ခံစားမနေဘဲ ကိုယ့်ဘေးမှာ ရင်ဖွင့်ပြောပြပြီး အားပေးနှစ်သိမ့်မှုပေးနိုင်မယ့် မိသားစု၊မိတ်ဆွေတွေနဲ့ အချိန်ဖြုန်းပေးရမှာပါ။ သူတို့ကသင့်ကို စိတ်အပြောင်းအလဲနဲ့ စိတ်ခွန်အားတွေပေးနိုင်မယ့်အပြင် လိုအပ်တဲ့အကြံဉာဏ်တွေပါ ပေးနိုင်ပါလိမ့်မယ်။

၄။ ဝါသနာပါတဲ့အရာတစ်ခု ရှာဖွေကြည့်ပါ


အားတဲ့အချိန်မှာ ဝါသနာပါတဲ့အရာအသစ်တစ်ခုသင်ယူပြီး စိတ်နှစ်ထားတာကလည်း သင့်ကိုစိတ်သက်သာရစေမယ့်နည်းလမ်းတစ်ခုပါပဲ။ ဒါကသင့်ကို Goal တစ်ခုဖြစ်မြောက်သွားသလို ခံစားရစေမယ့်အပြင် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထား၊ ဂုဏ်ယူစိတ်လည်းတိုးစေမှာပါ။

၅။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့လည်းမမေ့သင့်ပါဘူး


တစ်ယောက်ထဲဖြစ်နေတဲ့အချိန်က ကိုယ့်အတွက်အချိန်ပေးပြီး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပေးဖို့ အကောင်းဆုံး အချိန်ပါပဲ။ ဒါကြောင့် ဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကိုယ်အာရုံစိုက်ပြီး စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ပိုဂရုစိုက်ပေးပါ။

၆။ လူသစ်တွေနဲ့တွေ့ဆုံကြည့်ပါ


မတူညီတဲ့နယ်ပယ်က လူသစ်တွေနဲ့တွေ့ပြီး ရင်းရင်းနှီးနှီးပေါင်းသင်းကြည့်တာကလည်း သင့်ကိုမိတ်ဆွေသစ်တွေတိုးစေသလို သင့်အနာဂတ်အတွက် အမြင်ကျယ်လာစေဖို့ပါကူညီပေးမှာပါ။

၇။ ရည်းစားဟောင်းတဲ့ဆိုင်တဲ့အရာတွေအားလုံးကို ရှင်းပစ်ပါ


လမ်းခွဲပြီးနောက် တစ်ဖက်လူနဲ့ပက်သက်တဲ့ အကြောင်းတွေထပ် မြင်နေရတာက သင့်စိတ်ကိုပိုမွန်းကြပ်ပြီး ပိတ်မိစေပါတယ်။ ဒါကြောင့် လုံးဝမေ့ပစ်နိုင်ဖို့ ပြတ်ဆဲပြီးနောက်မှာ သူနဲ့ပက်သက်တဲ့အရာတွေအားလုံးကို မတွေ့အောင်ရှောင်ပြီး သင့်ဘဝထဲကနေ အပြီးရှင်းထုတ်လိုက်ပါ။

Photo Source: Pinterest

By MyStyle Myanmar