ကိုယ့်ကိုမလိုတဲ့သူတွေ ကတော့ ကိုယ်ဘာလုပ်လုပ် အမြဲလိုက်ကြည့်ပြီး ပြောဆိုနေမှာပါပဲ။ အတင်းပြောလိုက်၊ မကောင်းပြောလိုက်နဲ့ပဲ တိုက်ခိုက်နေမှာပါ။ ဒါတွေကိုလိုက်ဂရုစိုက်နေမယ့်အစား ပြန်ချေပပြီး တိုက်ခိုက်နေမယ့်အစား ကိုယ့်ကိုအမြဲလိုက်ကြည့်ပြီး ပြောဆိုချင်နေတဲ့သူတွေရှေ့မှာ ဒီအရာ ၅ ခုကိုသာ လုပ်ပြလိုက်ပါ။

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ

ပြောချင်တာပြောပါစေ ဝမ်းနည်းအားငယ်တာမျိုး၊ စိတ်ဓာတ်ကျတာမျိုးမရှိပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ သူတို့ဘာပြောပြော ငါအကောင်းဆုံး၊ ငါလုပ်နိုင်တယ်၊ မနာလိုလို့ပြောတာလို့ပဲ သတ်မှတ်ပြီး ယုံကြည်မှုအပြည့်အဝနဲ့ ပြုံးပြုံးလေးနဲ့သာနေပြလိုက်ပါ။

ကြိုးစားပြလိုက်ပါ

သူတို့ပြောလေ ကိုယ်ကပိုကြိုးစားပြလေဆိုတာမျိုးပဲ ဖြစ်ပါစေ။ သူတို့ပြောသမျှကို အချိန်ကုန်ခံပြီး feel နေမယ့်အစား ကိုယ့်အခုရောက်နေတဲ့နေရာထက် ပိုတော်လာအောင်၊ ပိုတိုးတက်လာအောင်သာ ကြိုးစားပြလိုက်ပါ။

အမြဲလှအောင်နေပါ

သူတို့ပြောချင်တာပြော ကိုယ်ကတော့ အလှမပျက်ဘူးဆိုတာမျိုးပဲ ဖြစ်ပါစေ။ အမြဲကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး လှအောင်နေပါ။ စိတ်ချမ်းသာအောင်နေတတ်မှ မျက်နှာလေးကလည်း ကြည်လင်ပြီး လှနေမှာပါ။ ဒါကြောင့် မလိုအပ်တဲ့စကားတွေကြားမှာ စိတ်ညစ်ခံမနေပါနဲ့။

လျစ်လျူရှုထားပါ

ကိုယ့်ကိုတစ်ချိန်လုံး လိုက်ကြည့်ပြီးပြောနေတာတွေ၊ အတင်းပြောတာတွေ၊ မကောင်းပြောနေတာတွေက ကိုယ့်ကိုမနာလိုလို့ ပြောတာလို့ပဲ စိတ်ထဲမှတ်ထားပြီး လျစ်လျူရှုထားလိုက်ပါ။ အာရုံနောက်ခံပြီး တုံ့ပြန်မနေပါနဲ့။ ကိုယ့်ကိုအားကျနေလို့သာ လိုက်ကြည့်ပြီး တစ်ခုချင်းပြောနေတာလို့ပဲ တွေးလိုက်ပါ။

လုံးဝဂရုမစိုက်တဲ့ပုံစံပဲနေပါ

ပြောချင်တာပြော ဘာမှဖြစ်မသွားတဲ့အတွက် လုံးဝဂရုမစိုက်ဘူးဆိုတဲ့ ပုံစံနဲ့သာနေပါ။ တကယ်လည်းဂရုမစိုက်ပါနဲ့။ ကိုယ်လုပ်စရာရှိတာကိုဆက်လုပ်ပါ။ အရေးမပါတာတွေ၊ အကျိုးမရှိတာတွေကို ဘယ်တော့မှခေါင်းထဲမထည့်ပါနဲ့။ ဒီလိုနေတာက စိတ်ချမ်းသာရပါတယ်။