လေ့လာမှုတွေအရ အမေရိကန်နိုင်ငံက စုံတွဲတွေရဲ့ ၁၉% ဟာ မပျော်ရွှင်ဘဲ အတူနေနေကြတယ်လို့ ဆိုထားပါတယ်။ အခြားလူတစ်ယောက်ကို သူ ဘာဖြစ်နေတာလဲ ဘာဖြစ်ချင်တာလဲဆိုတာ သိဖို့မလွယ်ကူပါဘူး။ ဒါပေမယ့် မိမိရဲ့ ပါတနာဟာ Relationship မှာ မပျော်ရွှင်နေဘူးဆိုတာကိုတော့ သူ့ရဲ့အပြုအမှုတွေကနေတဆင့် သိနိုင်ပါတယ်။

(၁) ရှောင်ဖယ်လာတာ

Relationship အပြင်ဘက်မှာ တစ်ယောက်ထဲ ကိုယ်ပိုင်အချိန်တွေကို အသုံးပြုတာက ပုံမှန်ပါပဲ။ ဒါပေမယ့် သင့်ရဲ့ပါတနာက ကိုယ်ပိုင်အချိန်တွေ ပိုတောင်းဆိုလာမယ်၊ သင်နဲ့တွေ့တဲ့အချိန်တွေ နည်းသွားမယ်ဆိုရင်တော့ သူတို့ဟာ သင်နဲ့တွဲရတာ မပျော်ရွှင်တော့လို့ပါ။

ဥပမာ တယောက်ထဲ ခရီးတွေထွက်တာ၊ သင့်ရဲ့သူငယ်ချင်းတွေနဲ့ သင်မပါပဲ အပြင်သွားတာ တွေက ကောင်းတဲ့ လက္ခဏာတွေတော့မဟုတ်ပါဘူး။ တကယ်လို့ သင့်ပါတနာက သင့်ကို ရှောင်ဖယ် လာပြီလို့ ခံစားနေရပြီဆိုရင် သူနဲ့ သေချာ စကားပြောဖို့ လိုနေပါပြီ။

(၂) အကြောင်းရင်းမရှိပဲ ရန်ဖြစ်ရတာ

တကယ်လို့ သင့်ရဲ့ပါတနာက အကြောင်းမရှိ အကြောင်းရှာပြီး ရန်ရှာနေပြီဆိုရင် ဒါကလည်း ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ တချို့လူတွေက သူတို့ရဲ့ ပါတနာတွေနဲ့ ပြတ်ချင်ပြီဆိုရင် သူတို့ဖက်က စပြီးမဖြတ်ချင်ကြဘူး။

ဘာလို့လဲဆိုတော့ သူတို့ကို လူဆိုးလို့ထင်သွားမှာ မလိုလားကြလို့ပဲ။ ဒါကြောင့် တဖက်လူက စပြီး ဖြတ်ချင်လာအောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်တတ်ကြတယ်။ ကိစ္စသေးသေးလေးတွေကြောင့် ရန်ဖြစ်တာကလည်း ဒီနည်းတွေထဲမှာ ပါပါတယ်။

(၃) သင်ပြောသမျှ အကုန်သဘောတူတာ

နှစ်ယောက်သား အဖွဲ့အစည်းတစ်ခုလိုမျိုးနေတာက Relationship တစ်ခုအတွက် အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့် သင်ပြောသမျှကို အမြဲတမ်း သဘောတူနေပြီး ဆန့်ကျင်မနေဘူးဆိုရင်တော့ ဒါက ပုံမှန်မဟုတ်တော့ပါဘူး။

ဥပမာ အရင်တုန်းက သင့်ရဲ့ အကြံပြုချက်တွေ လုပ်ဆောင်ချက်တွေကို ဆန့်ကျင်လေ့ရှိပေမယ့် နောက်ပိုင်း ပြောသမျှကို ခေါင်းပဲ ညိတ်နေတော့တာတွေက ဂရုမစိုက်တော့ဘူးဆိုတဲ့ သဘောပါ။

ပြီးတော့ အနာဂတ်အကြောင်းတွေ သင်နဲ့ မဆွေးနွေးတော့တာ တစ်နေရာရာသွားဖို့ကို သင်ကပဲ အမြဲတမ်း စီစဉ်နေရတယ်ဆိုရင် ဒါက သင်နဲ့ ရှေ့ဆက်လက်မတွဲ ချင်တော့ဘူးဆိုတဲ့ သဘောပါ။

(၄) နှစ်ယောက်ကြားမှာ တခြားလူတွေ ပိုပြီးထည့်သွင်းခေါ်ဆောင်လာတာ

သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေရှိတာက ကောင်းပါတယ်။ ဒါပေမယ့် သင့်ရဲ့ ပါတနာဟာ သင်နဲ့နှစ်ယောက်တည်း အချိန်တွေဖြုန်းလေ့မရှိတော့တာက ဒီ Relationship ကြီးအပေါ် စိတ်ကုန်လာပြီဆိုတဲ့ သဘောပါ။

Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးနားလည်မှုရှိဖို့နဲ့ စိတ်ချင်းနီးစပ်ဖို့အတွက် နှစ်ယောက်တည်း အချိန်တွေဖြုန်းဖို့ လိုအပ်ပါတယ်။

ပိုမိုသိသာတဲ့ အချက်တွေကတော့ သင့်ကို ဂရုမစိုက်တော့တာ၊ ပြသာနာတစ်ခုခုဖြစ်ရင် မျက်ကွယ်ပြုတာ အဆက်အသွယ်မလုပ်ပဲ အကြာကြီးနေတာတွေပဲဖြစ်ပါတယ်။

ဒီလိုမျိုးတွေ ဖြစ်လာပြီဆိုရင် နှစ်ယောက်သား တွေ့ဆုံပြီး သေချာမေးမြန်းသင့်ပါပြီ။ ဒီလိုမှမလုပ်ရင် အချိန်ကြာလာလေ ပိုမိုခံစားရလာလေ ဖြစ်လာပါလိမ့်မယ်။