အချစ်ဆိုတာ မသေချာခြင်း ဥပဒေပါပဲ။ သဘာဝကိုက မိန်းကလေးတွေဟာ သံသယကြီးတတ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ကို ချဉ်းကပ်လာတဲ့ ယောကျာ်းတွေဟာ ဘယ်လို စရိုက်ရှိတယ်ဆိုတာကို စိတ်ထဲမှာ သူ့ Criteria နဲ့ သူ စစ်တတ်ပါတယ်။ အခုပြောမှာက မိန်းကလေးအများစု ဘယ်လိုယောကျာ်းမျိုးကို ခေါင်းခါတတ်သလဲ ဆိုတာပါပဲ။

(၁) မြင်မြင်ချင်းပဲ ချစ်မိတဲ့သူ

မြင်မြင်ချင်း အချစ်ဆိုတာ တကယ်ရှိပါတယ်။ ဒီအချစ်ဟာ ရှားပါးပေမယ့် အတုပေါပါတယ်။ မိန်းကလေးတော်တော်များများဟာ မြင်မြင်ချင်း ချစ်မိသွားပါတယ်ဆိုတဲ့ တော်ကီမန်းတွေကို သတိထားပါတယ်။ တကယ်ချစ်တဲ့ အရာကို အချိန်တိုင်းမှာ တစ်နည်းနည်းနဲ့ သက်သေပြလို့ ရပါတယ်။ စကားလုံးတွေမဟုတ်တဲ့ သက်သေပြနည်းတစ်ခုခုနဲ့ပေါ့။

(၂) First Date ကတည်းက အသားယူသူ

စတွေ့တာမှ မကြာသေးဘဲနဲ့ ဟန်နီတို့ ဘေဘီတို့ ခေါ်တာမျိုးက သဘာဝမကျပါဘူး။ ဒါမျိုးက သမီးရည်းစားသက်တမ်းရင့်နေသူတွေအတွက်ပဲ ကောင်းပါတယ်။ First Date မှာ ကိုယ့်နာမည်အမှန်ကို မခေါ်ဘဲ အသည်းလေး ပူတူတူးလေး လို့ လာညုတဲ့သူကို မိန်းကလေးက ဘယ်လိုလုပ်ယုံမလဲ။ သူ့အမြင်မှာ ကိုယ်က ငပွေးကြီးလားလို့တောင် တွေးရင်တွေးနေမှာပါ။

(၃) စကားကြီး စကားကျယ်ပြောတာ

ချစ်သူမှ မဖြစ်သေးဘူး။ အခုပဲ ကိုယ့်မိဘတွေနဲ့ လိုက်တွေ့မယ်။ ကလေးတွေဘယ်နှစ်ယောက် မွေးပြီး ဘယ်လို စောင့်ရှောက်မယ် ပြောတဲ့သူမျိုးကတော့ မယုံရတဲ့သူတွေလို့ မိန်းကလေးတွေက ယူဆပါတယ်။ ဒါက ကိုယ်နဲ့ တွဲမယ့် ကောင်မလေး ကိုယ့်ကို အထင်ကြီးဖို့ သက်သက် ဂွင်ဆင်တာ ဖြစ်ဖို့ များပါတယ်။

ဒီလိုပဲ တွေ့တာမှ မကြာသေးဘူး။ လက်ထပ်ရအောင်နော်တို့ ကိုယ်အားလုံး တာဝန်ယူတယ်တို့ ဆိုတာမျိုးတွေနဲ့ လာခင်းပြီဆိုရင် ဒီအကွက်က ပျားရည်ထောင်ချောက်ဖြစ်ဖို့ သေချာသလောက် ရှိပါတယ်။ တကယ်တမ်း အိမ်ထောင်ရေးကို စိတ်ဝင်စားတဲ့ အပိုင်းမှာ မိန်းကလေးတွေက ပိုပါတယ်။ တကယ် အနာဂါတ်ရှိတဲ့ အချစ်ရေးဆိုရင် အဲဒီအနာဂါတ်ကို သူသိအောင် ပုံဖော်ပြနေသင့်ပါတယ်။

(၄) သဝန်ကြောင်ပြတာ

မိန်းကလေးတွေက သူတို့ချစ်တဲ့သူကို သဝန်တိုအောင် လုပ်တတ်ပါတယ်။ ဒါက မထူးခြားပါဘူး။ ဒါပေမယ့် အသေးအဖွဲကလေးတွေမှာတောင် လိုက်ပြီး သဝန်တိုသူကိုလည်း သူတို့ မယုံတတ်ပါဘူး။ ဒီလိုလူနဲ့များ လက်တွဲမိရင် နောက်ဆို ကိုယ့်ကို အထင်သေး အမြင်သေး ၊ စွပ်စွပ်စွဲစွဲတွေလုပ်နိုင်တယ်ဆိုတာလည်း မိန်းကလေးတွေမှာ သံသယရှိတတ်ပါတယ်။

(၅) သူ့ မိသားစုတွေ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ်ပြတာ

မိန်းကလေးဆိုတာ ကိုယ့်အတွက် အချိန်ပေး ကိုယ့်ကိုပဲ ကမ္ဘာထင်တဲ့ ချစ်သူပဲ လိုချင်ကြတာ မှန်ပါတယ်။ ဒါပေမယ့် စတွေ့တွေ့ချင်းမှာ ကိုယ့်ရဲ့ အချိန်တွေ အကုန်ပေးထားပြီး ကောင်မလေး အကြိုက်လိုက်လုပ်တတ်တဲ့ ယောကျာ်းတွေကိုတော့ သူတို့ သတိထားပါတယ်။ သွေးရိုးသားရိုးချစ်တဲ့သူတွေတောင် ဒီအမှားကို လုပ်မိတာနဲ့ မိန်းကလေးဘက်က ငြင်းတာမျိုးတွေ ရှိပါတယ်။

(၆) ဖုန်းပဲ အချိန်ပြည့်ဆက်နေသူ

ကောင်မလေးတစ်ယောက်ကို အရူးအမူးချစ်မိပြီဆိုရင် အချိန်တိုင်း သူ့ အသံကြားချင် ၊ သူ့အနား နေချင်တာ ယောကျာ်းလေးတိုင်းရဲ့ သဘာဝပါ။ သို့သော်လည်း ဒီနေရာမှာ လူမှုရေးရှိဖို့ လိုပါတယ်။ ရည်းစားမှ မဖြစ်သေးဘူး။ ကောင်မလေး အိပ်ချိန်မှန်းမသိ ၊ အလုပ်ထဲမှာ မှန်းမသိ မက်ဆေ့တွေ တဒေါင်ဒေါင် ပို့ ၊ ဖုန်းတွေ တစ်ဂွမ်ဂွမ် ခေါ်မိတယ်ဆိုရင် နာဖို့သာ ပြင်တော့။

(၇) ရည်းစားမဖြစ်သေးဘူး ခရီးထွက်ရအောင် ခေါ်တဲ့ ယောကျာ်း

ဒါမျိုးက မဖြစ်သင့်တဲ့ အထဲမှာ ပါပါတယ်။ သဘောရိုးနဲ့ ခေါ်မယ်ဆိုရင်တောင် နှစ်ယောက်တည်းမဟုတ်တဲ့ ခရီး ၊ တစ်နည်းအားဖြင့် သူ့ဘက်လည်း စိတ်လုံစေမယ့် ခရီးပဲ သွားဖို့ တိုက်တွန်းသင့်ပါတယ်။