Relationship တစ်ခုမှာ အရာရာကို လိုက်ချုပ်ချယ်နေရင် ရေရှည်မှာ အဆင်ပြေမှာမဟုတ်ပါဘူး။ ခဏခဏရန်ဖြစ်စကားများရပြီး ကိုယ်လည်းပင်ပန်းသလို တစ်ဖက်လူကလည်း မွန်းကြပ်လာပါလိမ့်မယ်။ သင်ကိုယ်တိုင်ရော relationship တစ်ခုမှာ လိုတာထက်ပိုပြီး ချုပ်ချယ်တတ်တဲ့သူဖြစ်နေလားဆိုတာ ဒီအချက်တွေနဲ့တင် သိနိုင်ပါတယ်။

ဖုန်းကိုယူစစ်ချင်စိတ်အမြဲရှိခြင်း

ကိုယ့်ချစ်သူရဲ့ဖုန်းကို တစ်ခါတစ်လေမဟုတ်ပဲ တွေ့တိုင်း ခဏခဏယူစစ်နေမိတာမျိုးတွေက ချုပ်ချယ်တာနဲ့ တူပါတယ်။ ဖောက်ပြန်နေတာမဟုတ်လည်း သေးသေးလေးတွေကအစ လိုက်ပြဿနာရှာပြီး ချုပ်ချယ်တာ၊ ကိုယ်ပြောသလိုနေခိုင်းတာ၊ ကိုယ်ပြောတဲ့စည်းကမ်းချက်တွေအတွက် ဖုန်းသုံးခိုင်းတာတွေက အရမ်းကိုချုပ်ချယ်လွန်းတဲ့သူ ဖြစ်စေပါတယ်။

သူငယ်ချင်းအပေါင်းအသင်းကိစ္စတွေပါလိုက်ပြောခြင်း

သူ့သူငယ်ချင်း၊ အပေါင်းအသင်းတွေကြားမှာလည်း ဝင်ရောက်စွက်ဖက်ပြီး ဟိုလူနဲ့မပေါင်းနဲ့၊ ဒီလူနဲ့မပေါင်းနဲ့၊ ဘယ်လောက်ခင်နေတဲ့ သူငယ်ချင်းဖြစ်နေပါစေ မသွားနဲ့၊ မလာနဲ့၊ စကားမပြောနဲ့ စသဖြင့် လိုက်ပြောနေတာတွေက ချုပ်ချယ်မှုလွန်ကဲပါတယ်။ ကြာလာရင် တစ်ဖက်လူရဲ့ စိတ်ပျက်ခြင်းကို ခံရတတ်ပါတယ်။

ကိုယ့်စိတ်တိုင်းကျပြောင်းလဲခိုင်းခြင်း

အဆိုးဆုံးကတော့ ကိုယ်ရွေးချယ်ထားတဲ့သူရဲ့ ဖြစ်တည်မှုကို လက်မခံပေးနိုင်ပဲ အရာရာကို ကိုယ့်စိတ်တိုင်းကျ ပြောင်းလဲခိုင်းပြီး လုပ်ယူနေတာမျိုးပါပဲ။ လူတစ်ယောက်ရဲ့ အကျင့်နဲ့ဗီဇကလည်း တခြားသူပြောင်းလဲပေးဖို့ အရမ်းခက်ပါတယ်။ ထိန်းချုပ်ဖို့လည်း ခက်ပါတယ်။ ချုပ်ချယ်လွန်းရင် လွတ်ထွက်တတ်ပါတယ်။

ကိုယ့်ကိုယ်ပဲအချိန်ပေးတာမျိုးကိုလိုချင်ခြင်း

ကိုယ့်ချစ်သူကို ကိုယ်နဲ့ပဲရှိစေချင်တဲ့စိတ်က ချစ်တဲ့သူတိုင်းမှာ ရှိပါတယ်။ ဒါပေမယ့် ကိုယ်ကလွဲပြီး တခြားဘယ်သူနဲ့မှ သွားလာတာမျိုးကို မကြိုက်တာ၊ မသွားခိုင်းတာ၊ တခြားသူတွေကို လုံးဝအချိန်မပေးခိုင်းတာမျိုးတွေကျတော့ အရမ်းချုပ်ချယ်ပြီး အတ္တကြီးရာကျပါတယ်။