မင်္ဂလာပါ ပျိုမေတို့ရေ။ မျက်နှာအသားအရေလှဖို့ Skincare ပုံမှန်လုပ်ပေးရသလို နေလောင်ဒဏ်၊ ဖုန်၊ အညစ်အကြေးတွေနဲ့ မကြာခဏထိတွေ့ရတဲ့ လက်နဲ့ခြေထောက်က အသားအရေနူးညံ့ဖို့အတွက်လည်း ပုံမှန်ဂရုစိုက်မှုတွေ ပြုလုပ်ပေးဖို့လိုအပ်ပါတယ်နော်။

မွဲညစ်နေတဲ့ ခြေချောင်း၊ လက်ချောင်း အသားအရေဖြူဝင်းနူးညံ့လာဖို့ ဈေးကြီးပေးပြုပြင်စရာမလိုဘဲ သဘာဝပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ Scrub တိုက်နည်းလေးတွေရှိပါတယ်။ ဒီတစ်ခေါက်မှာ အချိန်တိုအတွင်း နူးညံ့တဲ့ခြေထောက်နဲ့လက်အသားအရေလေးပိုင်ဆိုင်ချင်တဲ့ ပျိုမေတို့အတွက် လွယ်ကူထိရောက်ပြီး ဓာတုပစ္စည်းကင်းတဲ့ သဘာဝချေးချွတ် Scrub ပြုလုပ်နည်းအချို့ကို မျှဝေပေးလိုက်ရပါတယ်။

၁။ သကြားနဲ့ သံလွင်ဆီ

သကြားရဲ့ Texture က အသားအရေချေးချွတ်ရာမှာ ကူညီပေးနိုင်သလို သံလွင်ဆီက အသားအရေအတွက်အကျိုးပြုတဲ့ Fatty Acids အဆီဓာတ်ပေးနိုင်တဲ့ သဘာဝဆီတစ်မျိုးဖြစ်ပါတယ်။ လုပ်ရမယ့်နည်းက သကြားခွက်တစ်ဝက်နဲ့ သံလွင်ဆီ နှစ်ဇွန်းလောက်ကိုရောမွှေကာ Jar တစ်ခုထဲ ထည့်ထားပေးရမှာပါ။ ရလာတဲ့အရောကို နည်းနည်းချင်းယူပြီး လက်နဲ့ခြေထောက်တွေမှာ တစ်မိနစ်ခန့်နှိပ်နယ်လိမ်းပေးပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ဆေးချလိုက်ရုံပါပဲ။ ဒီနည်းကို အများဆုံး တစ်ပတ်သုံးကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။

၂။ ဗာဒံစေ့အမှုန့်နဲ့ပျားရည်

ပျားရည်က အသားအရေကို ထိထိရောက်ရောက်နူးညံ့ချောမွေ့စေပီး အစိုဓာတ်ပြည့်ဝစေတဲ့ သဘာဝပစ္စည်းတစ်ခုပါ။ ဒါ့အပြင် သူက အသားခြောက်တာ၊ အသားအရောင်ညစ်တာတွေကိုပါ သက်သာစေပါတယ်။ ဗာဒံစေ့တွေရဲ့ဓာတ်ကလည်း အသားအရေကို အစိုဓာတ်ဖြည့်ပြီး သူ့ရဲ့အမှုန့်က ချေးချွတ်အာနိသင်ရှိတာကြောင့် လက်နှစ်ဆုပ်စာခန့် ဗာဒံစေ့နဲ့ ပျားရည် နှစ်ဇွန်းတို့ကိုယူလိုက်ပါ။ ပြီးနောက် ဗာဒံစေ့တွေကိုအမှုန့်ဖြစ်အောင်ကြိတ်ပြီး ပျားရည်နဲ့ရောပေးရပါမယ်။ ရလာတဲ့အနှစ်ကို လက်ချောင်း၊ ခြေချောင်းတို့အနှံ့နှိပ်နယ်ကာလိမ်းပေးပြီး နှစ်မိနစ်လောက်ထားပေးရပါမယ်။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်ပတ်သုံးကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါတယ်။

၃။ သကြားညိုနဲ့ Vitamin E

Vitamin E က နေလောင်ဒဏ်ကိုကာကွယ်ပေးနိုင်တဲ့အပြင် ပျက်စီးနေတဲ့အရေပြားဆဲလ်တွေကိုပါ ဖယ်ရှားပေးနိုင်တာကြောင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းမဖြစ်အောင်တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် သကြားညိုနှစ်ဇွန်းနဲ့ Vitamin E ခြောက်စက်ခန့်ကို အနှစ်ရတဲ့အထိ ပန်းကန်တစ်ခုထဲထည့်မွှေပေးပြီး လက်နဲ့ခြေထောက်တွေကို နှစ်မိနစ်ခန့်လိမ်းထားကာ ရေနဲ့ပြန်ဆေးပေးလိုက်ပါ။

၄။ သကြား၊ အုန်းဆီနဲ့ သံပယိုရည်

သကြားအညို (သို့) သကြားအဖြူ ခွက်လေးပုံတစ်ပုံ၊ သံပယိုရည်အနည်းငယ်တို့ကို အသားအရေ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ အုန်းဆီတစ်ဇွန်းတို့နဲ့ရောပြီး စက္ကန့်သုံးဆယ်ခန့် Blend လုပ်ပေးရပါမယ်။ ရလာတဲ့အရောကို သင့်အသားအရေအပေါ်မှာ တစ်မိနစ်ခန့်နှိပ်နယ်လိမ်းပေးပြီး အနည်းငယ်နွေးတဲ့ရေနဲ့ဆေးချပေးရမှာဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar