ပူပြင်းတဲ့နွေရာသီမျိုးမှာ ဝတ်ရတာပေါ့ပါးမှုရှိပြီး သက်တောင့်သက်သာဖြစ်စေမယ့်၊ အပူဒဏ်သက်သာစေမယ့် အဝတ်အစားတွေကိုပဲ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ နွေရာသီနဲ့အဆင်မပြေတာတွေကို ဝတ်တဲ့အခါမှာ ချွေးထွက်ပြီး စိတ်ရှုပ်တာနဲ့ စိတ်ရောကိုယ်ပါ အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒါကြောင့် ပူပြင်းတဲ့နွေရာသီမျိုးမှာ ရှောင်ကြဉ်သင့်တဲ့ ဖက်ရှင်အဝတ်အစားတွေကို ပြောပြပေးလိုက်ပါတယ်။
အပူစုပ်တဲ့အနက်ရောင်
ပူရတဲ့ကြားထဲ အနက်ရောင်ဝတ်ပြန်ပြီဆိုတဲ့စကားကို ခဏခဏကြားဖူးကြမှာပါ။ ဟုတ်ပါတယ် အနက်ရောင်က အပူစုပ်တဲ့အတွက် နွေရာသီလို ရာသီဥတုအရမ်းပူတဲ့နေ့တွေမှာ မဝတ်တာတော့ အကောင်းဆုံးပါပဲ။ အနက်အရမ်းကြိုက်လို့ ဝတ်ချင်ပါတယ်ဆိုရင်တော့မှ ချည်သားတွေကိုပဲ ဝတ်ဆင်တာပိုကောင်းပါတယ်။
အသက်ရှူကျပ်စေတဲ့အဝတ်အစား
လည်ပင်းစည်းပြီးကျပ်နေတဲ့ အင်္ကျီအဝတ်အစားတွေ၊ လည်ပင်းမှာအတွန့်တွေနဲ့ စည်းထားတာမျိုးတွေ စတဲ့ အဝတ်အစားတွေက အသက်ရှူကျပ်စေပါတယ်။ ရာသီဥတု အရမ်းပူလာတဲ့အခါမှာတော့ စိတ်ရှုပ်စရာဖြစ်လာပါလိမ့်မယ်။
အရမ်းကျပ်တဲ့အဝတ်အစား
အရမ်းကျပ်တဲ့အင်္ကျီတွေ၊ dress တွေ၊ အရမ်းကျပ်တဲ့ဘောင်းဘီတွေကို ဝတ်ဆင်တာက နွေရာသီနဲ့ အဆင်မပြေပါဘူး။ ပူတာနဲ့ ချွေးထွက်တာနဲ့ ကျပ်ထုပ်နေတာနဲ့ နေရတာသက်တောင့်သက်သာ မဖြစ်တော့ပါဘူး။
လေဝင်လေထွက်မကောင်းတဲ့အဝတ်အစား
ဆွယ်တာလိုအင်္ကျီတွေ၊ အသားထူပြီးပူတဲ့ အဝတ်အစားတွေ၊ လေဝင်လေထွက်မကောင်းတဲ့ အဝတ်အစားတွေကို နွေရာသီမှာ ရှောင်သင့်ပါတယ်။ ဒီအဝတ်အစားတွေက ချွေးပိုထွက်စေပြီး ချွေးနံ့လည်းစွဲစေတာကြောင့် အဆင်မပြေပါဘူး။
အရောင်အရမ်းတောက်တဲ့ဖက်ရှင်
နွေရာသီမှာ နေအရမ်းပြင်းတဲ့အတွက် အရောင်ငြိမ်တာလေးတွေ၊ မျက်စိအေးစေတဲ့ အရောင်လေးတွေကို ဝတ်ဆင်တာက အကောင်းဆုံးပါပဲ။ အရောင်အရမ်းတောက်တဲ့ ဖက်ရှင်အဝတ်အစားတွေကိုဝတ်ရင် မြင်ရတဲ့သူအတွက်လည်း မျက်စိကျိန်းစေပါတယ်။ နွေရာသီနဲ့လည်း မလိုက်ဖက်ပါဘူး။