ကျန်းမာသန်စွမ်းပြီး နက်မှောင်လှပတဲ့ဆံကေသာကိုတော့ မိန်းကလေးတိုင်းပိုင်ဆိုင်ချင်ကြတယ်ဆိုတာ သင်ငြင်းလို့မရပါဘူးနော်။ ရှေးရှေးတုန်းက အမျိုးသမီးတွေဆိုရင် အခုခေတ်လို ဆံကေသာကျန်းမာစေတဲ့ ဓာတုဆေးဝါးအကူအညီမယူဘဲ သဘာဝနည်းလမ်းတွေကိုသာ အသုံးပြုခဲ့ပြီး သန်စွမ်းနက်မှောင်ထူထဲလှတဲ့ ဆံနွယ်လှလှလေးကို ထိန်းသိမ်းခဲ့တာပဲ့ဖြစ်ပါတယ်။

ဒါကြောင့် အရင်ကအမျိုးသမီးတွေရဲ့ဆံကေသာကို ကျန်းမာသန်စွမ်းစေပြီး နူညံ့တောက်ပြောင်စေတဲ့ သဘာဝထိန်းသိမ်းနည်းလမ်းလေးတွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူဖတ်ကြည့်လိုက်ရအောင်နော်။

ကြက်သွန်နီနဲ့ ပေါင်းတင်မယ်

ကြက်သွန်နီတစ်ဥ၊ အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ရှားစောင်းလက်ပတ် တစ်ပြားတို့ လိုအပ်ပါတယ်။ ကြက်သွန်နီကို အနှစ်ရအောင် ပြုလုပ်ပြီးနောက် ရေစစ်အသုံးပြုပြီး ကြက်သွန်နီအဖတ်များကို စစ်ထုတ်လိုက်ပါ။ ပြီးရင် ရှားစောင်းလက်ပတ်ပြားကနေ ဂျယ်တွေကို ခပ်ထုတ်လိုက်ပြီး ကြက်သွန်နီအရည်၊ အုန်းဆီနဲ့ ရောလိုက်ပါ။ အဲ့ဒီနောက်မှာ ဆံကေသာပေါ်မှာ သုတ်လိမ်းပြီး တစ်နာရီခန့်အကြာမှာ ရေနွေးနွေးနဲ့ ဆေးချလိုက်ပါ။ ဒီပေါင်းတင်နည်းကတော့ ဆံပင်ပါးတဲ့သူများ ဆံပင်အုံထူလာအောင် ကူညီပေးနိုင်ပါတယ်။

လက်ဖက်စိမ်းအမှုန့်နဲ့ အုန်းနို့ရည်

လက်ဖက်စိမ်းအမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်၊ အုန်းနို့ ၂၀၀ မီလီလီတာခန့်၊ ကြက်ဆူဆီ ၃ စက်၊ ၄ စက်ခန့် လိုအပ်ပါတယ်။ ပန်းကန်လုံးတစ်လုံးထဲမှာ အုန်းနို့ရည်နဲ့ လက်ဖက်စိမ်းကို သမအောင်ရောမွှေလိုက်ပါ။ ပြီးရင် ဆံကေသာပေါ် သုတ်လိမ်းလိုက်ပါ။ ဆံပင်ကို ကလစ်ကလေးနဲ့ ထိန်းထားပြီး ကြက်ဆူဆီကို လက်ဖဝါးပေါ်တင်ပြီး ဦးရေပြားပေါ်ကို သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ မိနစ် ၂၀ ခန့်ကြာရင်တော့ မိမိလျှော်နေကြခေါင်းလျှော်ရည်နဲ့ လျှော်ပေးလိုက်ပါ။ တစ်ပတ် ၂ ကြိမ် ၃ ကြိမ်ခန့် ပုံမှန်ပေါင်းတင်ပေးမယ်ဆိုရင် ဆံကေသာကို အရှည်မြန်စေပါတယ်။

ထောပတ်သီးနဲ့ ပေါင်းတင်မယ်

ထောပတ်သီးတစ်လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့် လိုအပ်ပါတယ်။ ထောပတ်သီးကို ပန်းကန်လုံးတစ်ခုထဲမှာ အနှစ်ဖြစ်သွားအောင် ကြိတ်ခြေလိုက်ပါ။ ရလာတဲ့ အနှစ်ကို သံလွင်ဆီနဲ့ ရောမွှေလိုက်ပါ။ ပြီးရင် ဦးရေပြားပေါ် သုတ်လိမ်းပေးပြီး မိနစ် ၃၀ ခန့်ကြာမှ ရေအေးနဲ့ ဆေးချလိုက်ပါ။ ပြီးမှ မိမိလျှော်နေကြခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်ပါ။ ထောပတ်သီးနဲ့ သံလွင်ဆီက သင့်ဆံကေသာကို အစိုဓာတ်ဖြည့်ပေးပြီး ဆံကေသာကျန်းမာသန်စွမ်းပြီး တောက်ပြောင်နေအောင် ကူညီပေးပါလိမ့်မယ်။

ကြက်ဥနဲ့ မိရောနိစ်

ကြက်ဥတစ်လုံး၊ မိရောနိစ် လက်ဖက်ရည်ဇွန်း ၆ ဇွန်းခန့်၊ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ လိုအပ်ပါတယ်။ ပါဝင်ပစ္စည်းများကို သမအောင် ရောမွှေလိုက်ပါ။ ဆံပင်အနှံ့သုတ်လိမ်းပြီးတဲ့နောက်မှာ အရည်စက်လက်မကျအောင် Shower Cap လေးဆောင်းထားပေးပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီပေါင်းတင်နည်းလေးကတော့ ကျိုးကြေပျက်စီးနေတဲ့ ဆံကေသာကို ပြန်လည်ကျန်းမာသန်စွမ်းစေပြီး ဆံပင်ကိုအစိုဓာတ်ဖြည့်ပေးပါတယ်။

ငှက်ပျောသီးနဲ့ ပေါင်းတင်မယ်

ငှက်ပျောသီး ၁ လုံး၊ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်တို့ လိုအပ်ပါတယ်။ ငှက်ပျောသီးနဲ့ ပျားရည်ကို သစ်သီးဖျော်စက်ထဲမှာ ထည့်မွှေပြီးနောက် ရလာတဲ့အနှစ်ကို ဆံကေသာပေါ် သုတ်လိမ်းပေးပါ။ မိနစ် ၂၀၊ ၃၀ ခန့်ကြာတဲ့နောက်မှာ မိမိလျှော်နေကြ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။ ငှက်ပျောသီးထဲမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်က ဦးရေပြားကို အားဖြည့်ပေးပြီး ဆံပင်အဖျားနှစ်ခွဖြစ်ခြင်း၊ ကျိုးကြေပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

Source: Brightside.me