အသက် (၁၈) နှစ်အရွယ်ဆိုတာ ဘ၀ရဲ့အရေးကြီးတဲ့ အဆင့်ကိုစတင်ခြင်းလို့ ပြောကြပါတယ်။ ဆယ်ကျော်သက်ဘဝကိုကျော်လွန်ပြီးသည်နဲ့ ရှေ့မှာ ဘဝရဲ့စိန်ခေါ်မှုတွေ အတွေ့အကြုံအသစ်တွေက စောင့်ကြိုနေမှာဖြစ်တဲ့အတွက် ဒီအရွယ်မှာအကောင်းဆုံး ပြင်ဆင်မှုတွေကို လုပ်ဆောင်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အသက် (၁၈) နှစ်အရွယ် လူငယ်တိုင်းသိထားသင့်တဲ့ အရာလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
(၁) ကိုယ့်ကိုယ်ကိုအားကိုးပါ
၁၈ နှစ်ဆိုတဲ့ အသက်အရွယ်အပိုင်းအခြားတစ်ခုဟာ ကိုယ့်ကိုယ်ကိုစတင် အားကိုးသင့်တဲ့ အရွယ်တစ်ခုဖြစ်ပါတယ်။ မိသားစုရဲ့ အကူညီကို ယူဖို့လိုအပ်သေးတယ်ဆိုပေမယ့် တချို့သောကိစ္စတွေကို မိသားစုရဲ့ ကိုင်တွယ်မှုမပါဘဲ ကိုယ်တိုင်ဦးဆောင်ဖြေရှင်းတက်အောင် လေ့ကျင့်ထားသင့်ပါတယ်။ ဒါမှလည်း လူကြီးဘဝကို ကူးပြောင်းတဲ့အခါမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ် ကောင်းစွာရပ်တည်နိုင်မှာဖြစ်ပါတယ်။
(၂) ဆိုရှယ်မီဒီယာကို ထိန်းထိန်းသိမ်းသိမ်းသုံးပါ
ဆိုရှယ်မီဒီယာဆိုတာ သင့်အကြောင်းကို ပြောပြနေတဲ့ ပုံရိပ်တစ်ခုလို့ပြောနိုင်ပါတယ်။ လူမှုကွန်ယက်ကနေတဆင့် သင်တင်လိုက်တဲ့ ဓာတ်ပုံတွေ ပို့စ်တွေက သင့်ရဲ့စိတ်နေစိတ်ထား သင့်အကြောင်းကို ခန့်မှန်းလို့ရနိုင်တာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ဘာပဲတင်တင် မတင်ခင်အရင်ဆုံး စဉ်းစားပါ။ သင့်ပုံရိပ်ကို ထိခိုက်စေမယ့် ဓာတ်ပုံတွေ ကလေးဆန်တဲ့ စာသားတွေတင်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။
(၃) ဘာသာစကားအသစ်သင်ယူပါ
မိခင်ဘာသာစကားအပြင် နောက်ထပ်မတူညီတဲ့ ဘာသားစကားအသစ်တစ်ခုကိုလည်း သင်ယူထားဖို့လိုပါတယ်။ ဘာသာစကားတက်မြောက်ကျွမ်းကျင်ခြင်းက သင့်အတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ မိတ်ဆွေတွေ တိုးပွားလာစေနိုင်တဲ့ အားသာချက်တွေရှိတာကြောင့် ငယ်ရွယ်တုန်းမှာ အခြားဘာသာစကားအသစ်တစ်ခုကို လေ့လာသင်ယူထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။
(၄) အပြုသဘောဆောင်တဲ့လူတွေနဲ့ပေါင်းသင်းပါ
အသက် (၁၈) နှစ်အရွယ် လူငယ်တစ်ယောက်အတွက် ပေါင်းသင်းဆက်ဆံရေးကဏ္ဍကလည်း အင်မတန်အရေးကြီးပါတယ်။ ကိုယ်ပေါင်းသင်းတဲ့သူငယ်ချင်းမိတ်ဆွေတွေကို အမြော်အမြင်ရှိရှိ ရွေးချယ်ပေါင်းသင်းသင့်ပါတယ်။ ကိုယ့်ဘဝရည်မှန်းချက်တွေအတွက် လမ်းမှန်ကို ညွန်ပြပေးနိုင်မယ့်သူ ကောင်းတဲ့အတုခိုးခြင်းတွေရယူနိုင်မယ့် လူကောင်းတွေကို ကိုယ့်ပတ်ဝန်းကျင်မှာထားဖို့ အကြံပြုချင်ပါတယ်။