မင်္ဂလာပါ ပျိုမေတို့ရေ။ ငွေကုန်ခံစရာမလိုဘဲ အသားအရေကောင်းလာစေမယ့် နည်းလမ်းတွေရှိတယ်ဆိုရင် စိတ်ဝင်စားကြလား။ အသားအရေကောင်းဖို့ဆိုရင် အစိုဓာတ်ဖြည့်ပေးဖို့နဲ့ ပုံမှန်ဂရုစိုက်မှုတွေက အရေးအကြီးဆုံးပါပဲ။ တစ်ခါတစ်ရံမှာ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေငွေကုန်ခံပြီး ဝယ်သုံးနေတာထက် သင့်ရဲ့နေ့စဉ်ပြုလုပ်နေကျအရာအချို့ကို အပြောင်းအလဲလုပ်ပေးလိုက်ရုံနဲ့လည်း အသားအရေကောင်းလာအောင် ပြုလုပ်လို့ရပါတယ်။
ဒါကြောင့် ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် အသားအရေကောင်းလာစေဖို့ ပိုက်ဆံတစ်ပြားတစ်ကျပ်မှ မကုန်တဲ့အပြင် လုပ်ရလည်းလွယ်တဲ့အရာတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။ ဖော်ပြထားတာတွေကို ပုံမှန်လုပ်ပေးမယ်ဆိုရင် အထွေအထူးဂရုစိုက်စရာမလိုဘဲ သင့်အသားအရေကြည်လင်လာတာကိုတွေ့ရမှာပါ။
၁။ ခေါင်းအုံးစွပ်ပုံမှန်လဲပေးတာ
သင့်မျက်နှာနဲ့မကြာမဏထိတွေ့ရတဲ့ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်လို အသုံးအဆောင်တွေမှာ မျက်နှာနဲ့ ဆံပင်ကထွက်တဲ့ ဖုန်၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေစုနေတတ်တာကြောင့် ဒါတွေကိုပုံမှန်သန့်စင်ပေးဖို့ အရေးကြီးပါတယ်။ တစ်ပတ်တစ်ခါလောက်ပုံမှန်သန့်စင်ပေးမယ်ဆိုရင် မျက်နှာချွေးပေါက်ပိတ်ခြင်း၊ အလက်ဂျစ်ထခြင်းနဲ့ ဝက်ခြံ Breakout ထွက်ခြင်းတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်စေမှာပါ။
၂။ မျက်နှာကိုတိုက်ရိုက်ဖိအိပ်တာကိုရှောင်တာ
အိပ်တဲ့ပုံစံကလည်း သင့်အသားအရေအပေါ် အနည်းနဲ့အများသက်ရောက်မှုရှိတာကြောင့် အတတ်နိုင်ဆုံး မျက်နှာကိုဖိပြီးအိပ်မိတာမျိုးမဖြစ်အောင် သတိထားဖို့လိုပါတယ်။ မျက်နှာကိုဖိအိပ်တာကြာလာတဲ့အခါ ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တာ၊ အရေးအကြောင်းပေါ်တာတွေအထိဖြစ်လာနိုင်ပါတယ်။
၃။ လှုပ်လှုပ်ရှားရှားနေပြီး လေ့ကျင့်ခန်းပုံမှန်လုပ်တာ
လေ့ကျင့်ခန်းလုပ်ပြီးနောက် သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေက ထွက်လာတဲ့ချွေးတွေနဲ့အတူ ပါလာတတ်ပါတယ်။ ကိုယ်တွင်းအဆိပ်အတောက်လျော့ပါးသွားတာကလည်း သင့်အသားအရေကို ကြည်လင်လာစေတဲ့အတွက် ချွေးထွက်စေမယ့်လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပေးဖို့အရေးကြီးပါတယ်။
၄။ ဖုန်းမျက်နှာပြင်ကို သန့်ရှင်းနေအောင်ထားတာ
ကိုယ့်ရဲ့ဖုန်းမျက်နှာပြင်က ဖုန်နဲ့အညစ်အကြေးမျိုးစုံကပ်နေနိုင်တဲ့အရာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ သင့်အနေနဲ့ ဖုန်းကိုင်ပြီးနောက် မျက်နှာကိုပွတ်မိတာ၊ ဖုန်းပြောတဲ့အခါ ဖုန်းနဲ့ မျက်နှာတိုက်ရိုက်ထိရတာတွေ ရှိတတ်တာကြောင့် ကိုယ့်ရဲ့ဖုန်းမျက်နှာပြင်ကို အရက်ပြန်နဲ့ပုံမှန်သန့်စင်ပေးဖို့လိုပါတယ်။ ဒီလိုလုပ်ပေးတာက သင့်ကို ပိုက်ဆံမကုန်ဘဲ အသားအရေကောင်းနေအောင် ကာကွယ်ပြီးသားဖြစ်စေမှာပါ။
၅။ အိပ်ရေးဝအောင်အိပ်တာ
အိပ်ရေးမဝတဲ့အခါ အသားအရေခြောက်ကပ်လွယ်ပြီး အရေးအကြောင်းထွက်တာ၊ မျက်ကွင်းညိုတာ၊ အသားအရောင်ညစ်လာတာနဲ့ ဝက်ခြံအလွယ်တကူထွက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်အသားအရေကိုဂရုစိုက်တဲ့အနေနဲ့ အိပ်ချိန်မှန်အောင်ဂရုစိုက်ပေးပါ။ အိပ်ရေးဝအောင် စောစောအိပ်ပေးပြီး ရေများများသောက်ပေးဖို့လည်း မမေ့သင့်ပါဘူး။
Photo Source: Pinterest
By MyStyle Myanmar