အိမ်မွေးတိရစ္ဆာန်တွေထဲမှာ သခင်အပေါ် သစ္စာအရှိဆုံးနဲ့ အခင်တွယ်တတ်ဆုံးအဖြစ်အားလုံးသိကြတဲ့ အကောင်လေးတွေကတော့ ချစ်စရာကောင်းတဲ့ခွေးလေးတွေပါပဲ။ ခွေးလေးတွေမွေးတာက သင့်ကိုဘယ်တော့မှ အထီးမကျန်စေတဲ့အပြင် စိတ်ဖိစီးမှုပြေလျော့ပြီး ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုပိုရစေပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ ခွေးလေးတွေနဲ့ အချိန်ကုန်ဆုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေလည်း တော်တော်များများရှိပါတယ်။ ဒီတစ်ခေါက်မှာ ခွေးချစ်တတ်တဲ့သူတွေအတွက် ခွေးလေးတွေမွေးခြင်းကြောင့် ကိုယ့်အပေါ်သက်ရောက်လာမယ့် ကောင်းကျိုးလေးတွေအကြောင်းကို ဝေမျှပေးလိုက်ပါတယ်။

၁။ ၁၀ နှစ်လောက်ငယ်သွားသလို ခံစားရစေတယ်


ခွေးလေးတွေနဲ့အချိန်ကုန်ဆုံးပြီးပျော်နေတတ်တဲ့သူတွေက အသက်ကြီးလာမှန်းမသိအောင် နုပျိုနေတတ်ကြပါတယ်။ လေ့လာသူတွေရဲ့မှတ်တမ်းအရ အသက်ခြောက်ဆယ်ကျော်နေပြီဖြစ်တဲ့ ခွေးမွေးထားသူတွေဟာ သူတို့ရဲ့ ရှိရင်းစွဲအသက်ထက် ၁၀ နှစ်လောက်ငယ်နေသလို ပြုမှုနေထိုင်လေ့ရှိကြတယ်လို့ သိရပါတယ်။

၂။ ကိုယ့်ကိုကိုယ်ပိုပြီး တန်ဖိုးထားတတ်လာမယ်


ခွေးလေးတွေကိုချစ်ခင်ပြီး သူတို့နဲ့အကျွမ်းတဝင်ဆက်ဆံရေးရှိကြတဲ့ ခွေးပိုင်ရှင်တွေဟာ ကိုယ်ချင်းစာစိတ်မြင့်လာတဲ့အပြင် ကိုယ့်ကိုယ့်ကိုယ်နဲ့ ဘေးကလူတွေအပေါ်တန်ဖိုးထားတတ်ကြတဲ့သူတွေ ဖြစ်လာတတ်ပါတယ်။

၃။ ရောဂါဘယကင်းဝေးစေတယ်


ခွေးလေးတွေနဲ့ ဆော့ပေးတာ၊ နေ့စဉ်လမ်းလျှောက်ထွက်တာတွေလုပ်လေ့ရှိတဲ့ သူတွေဟာ ဆီးချို၊ သွေးတိုးစတဲ့ ရောဂါတွေဖြစ်နိုင်ချေ သုံးပုံတစ်ပုံလောက်ထိလျော့နည်းနိုင်ပါတယ်။

၄။ ခန္ဓာကိုယ်ကျစ်လျစ်အောင် ထိန်းထားနိုင်ဖို့လည်းကူညီပေးပါလိမ့်မယ်


အပေါ်မှာပြောထားသလို ခွေးရှိတဲ့သူတွေဟာ နေ့စဉ်နီးပါး ခွေးလေးတွေနဲ့လမ်းလျှောက်ထွက်တာမျိုး ပြုလုပ်ပေးရတဲ့အတွက် ဒါကသင့်ကိုလှုပ်လှုပ်ရှားရှားနေဖို့ အကြောင်းအရင်းတစ်ခုလည်းဖြစ်စေပါတယ်။ ဒါ့အပြင် ခွေးပိုင်ရှင်တွေဟာ သာမာန်လူတွေထက် တစ်နေ့ကို ပျမ်းမျှ ၂၂မိနစ်ခန့်ပိုပြီးလမ်းလျှောက် ဖြစ်တယ်လို့လည်း လေ့လာမှုတစ်ခုအရ သိရပါသေးတယ်။

၅။ သိသိသာသာ Stress လျော့ကျစေတယ်


Stress လျော့ချင်ရင်ပြုလုပ်ပေးသင့်တဲ့အရာတွေထဲမှာ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အချိန်ဖြုန်းတာလည်း အပါအဝင်ပါပဲ။ အကြောင်းအရင်းကတော့ အိမ်မွေးတိရစ္ဆာန်တွေနဲ့အချိန်ဖြုန်းပြီး သူတို့ကိုမကြာခဏ ထိတွေ့တာ၊ ဖက်တာတွေပြုလုပ်ပေးတာက စိတ်ညစ်စရာတွေ၊ မောပန်းမှုတွေကို မေ့သွားစေတာကြောင့်ပဲ ဖြစ်ပါတယ်။

၆။ ပျော်ရွှင်မှုဟော်မုန်း တိုးလာစေတယ်


ခွေးလေးတွေအနားမှာရှိတဲ့အခါ Serotonin ၊ Dopamine စတဲ့ပျော်ရွှင်မှုဟော်မုန်းတွေ တက်စေပါတယ်။ ဒီဟော်မုန်းတွေက သင့်ကိုပျော်ရွှင်ကျန်းမာပြီး နုပျိုစေဖို့ပါ ကူညီပေးမှာဖြစ်ပါတယ်။

၇။ သင့်ကိုအသက်ရှည်စေပါလိမ့်မယ်


လေ့လာမှုတွေအရ ခွေးမွေးသူပိုင်ရှင်တွေဟာ အိမ်မွေးတိရစ္ဆာန်မရှိတဲ့သူတွေထက် ပိုပြီးအသက်ရှည်ကြတယ်လို့လည်း သိရပါသေးတယ်။ ကိုယ့်ဘေးမှာအဖော်မွန်ကောင်း ခွေးလိမ္မာလေးတွေရှိတဲ့အခါ နာမကျန်းဖြစ်ဖို့ခဲယဉ်းပြီး နှလုံးရောဂါနဲ့ အမောဖောက်ခြင်းစတဲ့ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်ချေနည်းပါတယ်။

Source: brightside.me