တဖြည်းဖြည်း အသက်ကြီးလာတာနဲ့အမျှ အသိဥာဏ်တွေလည်း တိုးပွားလာတယ်ဆိုပေမယ့် ရောဂါတွေကလည်း နောက်ဆက်တွဲလိုက်ပါလျက်ပါပဲ။ ဇရာကြောင့် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့လက္ခဏာတွေဟာ ပုံမှန်ဆိုပေမယ့်လည်း တချို့ဟာတွေကတော့ နည်းနည်းစိုးရိမ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ယနေ့ခေတ်ရဲ့ သေဆုံးမှု ၃ ပုံ ၂ ပုံဟာဆိုရင် အသက်အရွယ်နဲ့သက်ဆိုင်တဲ့ ပြဿနာတွေကြောင့် အသက်ဆုံးရှုံးရတာဖြစ်လို့ စက္ကန့်မိနစ်ပိုင်းအတွင်း ပြောင်းလဲမှုတွေမှန်သမျှကို သေသေချာချာ အနီးကပ် စောင့်ကြပ်ကြည့်ရှုပေးသင့်ပါတယ်။

ဒီတစ်ခါ MyStyle Myanmar ရဲ့ ကျန်းမာရေးကဏ္ဍကနေပြီး ဝေမျှပေးချင်တာကတော့ အမျိုးသမီးတို့အသက်အရွယ်အိုမင်းလာလို့ ရင်သားပြောင်းလဲမှုတွေကို ကြုံတွေ့လာရတဲ့အခါမှာ အထိတ်တလန့်တွေမဖြစ်ရအောင်လို့ ဗဟုသုတလေးတွေ ကြိုတင်လေ့လာထားရအောင်ပါ။

၁။ အကြောပြတ်ရာ

အိုမင်းလာတဲ့အခါ အကြောပြတ်ရာတွေပေါ်လာတတ်ပါတယ်။ ကြည့်လို့မလှပေမယ့်လည်း ဇရာလက္ခဏာတွေထဲကတစ်ခုမို့ ပုံမှန်ဖြစ်ရပ်ပါဲနော်။ အသားအရေကို တင်းတင်းရင်းရင်းရှိစေဖို့ လိုအပ်တဲ့ဟော်မုန်းပမာဏတွေက အသက်ကြီးလာတာနဲ့အမျှ ကျဆင်းလာတာမို့ အကြောပြတ်ရာတွေပေါ်လာရတာဖြစ်ပါတယ်။

ကိုယ်ဝန်ကြောင့် ရင်သားတင်းရင်းကြီးထွားလာမှုကလည်း အကြောင်းအရင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နောက်ပြီး စိတ်ဖိစီးမှုတွေတအားများလွန်းလို့လည်း အရွယ်မတိုင်ခင် အကြောပြတ်ရာတွေဖြစ်လာနိုင်လို့ စိတ်ဖိစီးမှုကင်းအောင်နေပါ။

၂။ နို့သီးခေါင်းတွေ အောက်တွဲကျလာခြင်း

အသက်ကြီးလာတဲ့အခါ ရင်သားနဲ့ နို့သီးခေါင်းတွေဟာ အောက်ကိုတွဲစပြုလာပြီး ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ ရင်သားတစ်သျှူးတွေ အားနည်းလာရလို့ပဲဖြစ်ပါတယ်။ အကယ်လို့ သင့်ရင်သားဆိုဒ်က ပုံမှန်ထက်ပိုကြီးတယ် ဒါမှမဟုတ် ဝတဲ့ခန္ဓာကိုယ်ပိုင်ရှင်ဆိုရင် ရင်သားတွေက သူများထက် ပိုပြီးအချိန်စောစော လျော့တွဲလာနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။

၃။ ရင်သားနှစ်ဖက်ကြား အကွာအဝေးဟလာခြင်း

ဒီလိုမျိုး အပြောင်းအလဲတွေအများကြီးဟာ ခန္ဓာကိုယ်ကထုတ်လုပ်ပေးတဲ့ Estrogen ပမာဏနည်းပါးလာခြင်းရဲ့ နောက်ဆက်တွဲရလဒ်ပဲဖြစ်ပါတယ်။ ဒီ Sex ဟော်မုန်းက ရင်သားတင်းရင်းမှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက်လည်း လိုအပ်ပါသေးတယ်။

သိပ်သည်းမှုတစ်သျှူးတွေနေရာမှာ အဆီတစ်သျှူးတွေ အစားထိုးဝင်ရောက်လာမှုကြောင့်နဲ့ ရင်သားတွဲလာမှုတို့ကြောင့် ရင်သားနှစ်ဖက်ကြား အကွာအဝေးဟလာရခြင်းဖြစ်ပါတယ်။ သို့သော်လည်း ရင်သားအကွာအဝေးဟသွားမလား၊ အောက်တွဲမလားဆိုတာတို့က သင့်ရင်သားဆိုဒ်နဲ့ ပုံပန်းသဏ္ဍာန်ပေါ်မှာလည်း မူတည်နိုင်ပါတယ်။

Source: BrightSide

By MyStyle Myanmar