တစ်ကိုယ်ကောင်းဆန်တဲ့သူကို ချစ်သူတော်ထားရတာလား။ ကိုယ့်ချစ်သူက တစ်ကိုယ်ကောင်းဆန် မဆန် ဘယ်လိုသိနိုင်မလဲ။ အခုဖော်ပြပေးမယ့် အချက်တွေနဲ့ တိုက်ကြည့်လိုက်ပါ။ တိုက်ဆိုင်မှုရှိနေမယ်ဆိုရင်တော့ သင်က တစ်ကိုယ်ကောင်းဆန်တတ်တဲ့ကောင်လေးကို ချစ်မိနေတာပါပဲ။

ကောင်းတဲ့အရာအားလုံးက သူတို့အတွက်ပဲဖြစ်ရမယ်။

တစ်ကိုယ်ကောင်းဆန်တဲ့သူတွေက ကောင်းတဲ့အရာအားလုံးက သူတို့အတွက်ပဲဖြစ်ရမယ်လို့ ယူဆကြပါယတ်။ သင်က ဆုံးဖြတ်ချက်တစ်ခုခုချတဲ့အခါမှာလည်း သူတို့အတွက်ဖြစ်ရမယ်၊ တစ်ခုခုတွေးတာ၊ ရည်မှန်းချက်ထားတာတွေ အကုန်လုံးက သူတို့အတွက်ဖြစ်ရမယ်လို့ ယူဆကြပါတယ်။

သူတို့ကို အမြဲတမ်း အလေးပေးနေရမယ်။

လူမှုပေါင်းသင်းဆက်ဆံရေးဆိုတာ တစ်ဦးတစ်ယောက်တည်းနဲ့ ဆက်ဆံလို့မရပါဘူး။ ကိုယ့်မှာလည်း မိသားစုရေး၊ မောင်နှမ၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေ ရှိပါတယ်။ သူတစ်ယောက်တည်းကိုပဲ အချိန်ပေးရမယ်။ ဘယ်သူငယ်ချင်းနဲ့မှ မတွေ့ရဘူး။ အားနေရင် သူ့ကိုပဲ ဂရုစိုက်ရမယ် စသဖြင့် အလေးပေးမှုကို လိုလားကြပါတယ်။

သင့်ကို ချုပ်ကိုင်နေမယ်။

ဖုန်းမသုံးရဘူး၊ ဟိုကောင်လေးနဲ့ စကားမပြောရဘူး၊ ဂိမ်းမဆော့ရဘူး၊ ဖေ့ဘွတ်မသုံးရဘူး စသဖြင့် ကိုယ့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ပျောက်ဆုံးသွားလောက်တဲ့အထိ ခြယ်လှယ်နေခြင်းက သင့်ကို ချစ်တာထက် သူ့ ကိုယ်ကိုယ် ပိုချစ်တာပါ။ ဒီလိုချုပ်ကိုင်နေခြင်းကို စည်းမရှိဘူးလို့လည်း ပြောလို့ရပါတယ်။ ဘယ်လောက်ပဲ ချစ်တဲ့သူဖြစ်နေပါစေ၊ သူတစ်ပါး လွတ်လပ်ခွင့်ကိုတော့ ခြယ်လှယ်လို့မရပါဘူး။

တာဝန်ယူမှုမရှိကြဘူး။

ကောင်းတဲ့အကြောင်းအရာတစ်ခုခုဖြစ်တယ်ဆိုရင် သူတို့ကြောင့်ဖြစ်ရတာဆိုပြီး ချက်ချင်းကြီး တာဝန်ခံပစ်လိုက်ကြတာပါပဲ။ ဒါပေမဲ့ တစ်ခုခုမှားယွင်းတယ်ဆိုရင် သင့်ကိုပဲ အပြစ်ပုံချပြီး သူတို့နဲ့ မဆိုင်တဲ့ပုံစံဖမ်းတတ်ကြပါတယ်။

ဒီအချက်တွေ အကုန်လုံးနဲ့ တိုက်ဆိုင်နေတယ်၊ ကိုယ်က တစ်ကိုယ်ကောင်းဆန်တဲ့သူကို ချစ်သူတော်ထားမိရင် ဘယ်လိုလုပ်ရမလဲ။

အရင်ဆုံး ကိုယ့်ကိုယ်ကို ဆန်းစစ်ပါ။ ကိုယ် သူ့ကို တစ်ကယ်ချစ်တာလား၊ သူကရော ကိုယ့်ကို ချစ်ရဲ့လား။ ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီးသွားတဲ့အခါ သင် ရွေးချယ်ရမှာက သူနဲ့ ဆက်တွဲမလား၊ လမ်းခွဲမလားဆိုတာပါပဲ။ သူ မရှိဘဲ မနေနိုင်ဘူး။ တဖြည်းဖြည်းပြုပြင်ပေးသွားရင်တော့ ရနိုင်ပါတယ်လို့ ထင်ရင်လည်း ကြိုးစားကြည့်လိုက်ပါ။ သူလက်ခံနိုင်အောင်၊ နားဝင်အောင် ရှင်းပြလိုက်ပါ။ တကယ်လို့ သင်က သူ့ရဲ့ ဒဏ်တွေ မခံနိုင်တော့ဘူး၊ လမ်းခွဲချင်တယ်ဆိုရင်လည်း သူစိတ်ဒဏ်ရာမရအောင်၊ မခံစားရအောင်ပြုမူဖို့ လိုအပ်ပါတယ်။