ဆံသားဘယ်လောက်ပဲ ထူပြီးဖြောင့်စင်းနေပါစေ ဆံပင်အဖျားနှစ်ခွဖြစ်ပြီးပျက်စီးနေပြီဆိုရင်တော့ ဘယ်လိုမှကြည့်မကောင်းပါဘူးနော်။ တော်တော်များများလုပ်တတ်ကြတာက ဆံသားတွေအောက်ဖျားမှာ နှစ်ခွဖြစ်လာပြီဆိုတာနဲ့ ကတ်ကြေးနဲ့ညှပ်ပစ်လိုက်တာပဲ့။ ဒါပေမယ့်လည်း အမြဲတမ်းကတ်ကြေးနဲ့ညှပ်နေရတာတော့ အဆင်မပြေပါဘူးနော်။ ဒါကြောင့် ကတ်ကြေးသုံးစရာမလိုပဲ့ ဆံပင်နှစ်ခွဖြစ်တဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဒီလိုလေးတွေ ဂရုစိုက်ထိန်းသိမ်းပေးလိုက်ပါနော်..

ဆံပင်ဆီပုံမှန်လိမ်းပေးပါ

ဆံသားကို ရေဓာတ်ပြည့်ဝအောင် ထားပေးနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဆံပင်တွေခြောက်သွေ့ပြီး အာဟာရဓာတ်နည်းနေတဲ့အခါမှာ ဆံသားကအလွယ်တကူပြတ်ကျနိုင်ပြီး ဆံသားတွေကိုလည်းနှစ်ခွတွေဖြစ်စေတာကြောင့် ဆံပင်အတွက် လိုအပ်တာတွေကို ဖြည့်တင်းပေးသင့်ပြီပေါ့။ ဆံသားအတွက်လိုအပ်နေတဲ့ အဆီတွေကိုသေချာလိမ်းပေးပြီး ဂရုစိုက်ပေးမယ်ဆိုရင်လည်း ဆံပင်တွေကိုပြန်လည် ကောင်းမွန်လာစေမှာပါ။

အပူပေးကိရိယာတွေကို အတတ်နိုင်ဆုံးရှောင်ရှားပေးပါ

ပူပြင်းတဲ့အချိန်မှာ ထပ်ပြီးတော့အသုံးပြုဖြစ်သွားတဲ့ ဆံပင်ပြင်ဆင်တဲ့ ကိရိယာတွေကလည်း ဆံသားကိုဆိုးဆိုးရွားရွားပျက်စီးစေတာပေါ့။ ဆံပင်ကိုအပူပေးတဲ့ကိရိယာတွေနဲ့ ထိတွေ့တာများလာတဲ့အချိန်မှာတော့ ဆံသားကိုခြောက်သွေ့လာစေပြီး အဖျားတွေကိုလည်းနှစ်ခွဖြစ်လာစေပါတယ်။

ရေနွေးနဲ့ခေါင်းလျှော်တတ်တဲ့အကျင့်ကို ဖျောက်ပါ

ရေနွေးနဲ့ ခေါင်းလျှော်တတ်တဲ့အကျင့်ကိုလည်း ဖျောက်ပေးဖို့လိုပါပြီနော်။ ရေနွေးနဲ့ခေါင်းလျှော်တာက ဆံသားအတွက်ကောင်းမယ်လို့ထင်နေပေမယ့် လုံးဝမှားယွင်းမှုပါပဲ။ ရေနွေးက ဆံသားကို အားယုတ်လျော့စေတာကြောင့် အလွယ်တကူပျက်စီးစေနိုင်တာပေါ့။