မိဘတိုင်းကတော့ ကိုယ့်ရဲ့သားသမီးတွေကို အကောင်းဆုံးဘဝမှာ အဆင်ပြေဆုံးအဖြစ်နေထိုင်နေတာကိုပဲ့ မြင်ချင်ကြတာချည်းပါပဲ။ သားသမီးတို့လိုအပ်တဲ့ ကစားစရာတွေကို ဝယ်ပေးနိုင်ဖို့အတွက် ကြိုးစားပမ်းစားအလုပ်လုပ်ကြသလို အချို့မိဘတွေကလည်း လိမ္မာရေးခြားရှိဖို့နဲ့ ပညာရေးမှာထူးချွန်စေဖို့အတွက် သားသမီးတွေအပေါ်မှာ စည်းကမ်းအင်မတန်တင်းကြပ်တတ်ကြပါတယ်။ ဒါပေမယ့် တခြားမိဘများကတော့ သားသမီးတွေကို ရွေးချယ်မှုပေးထားပြီး သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချတတ်အောင်လို့ အခွင့်အရေးတွေ ပေးထားတတ်ပါတယ်။

မိသားစုတစ်ခုမှာတော့ သူ့ဟာနဲ့သူထိန်းကျောင်းကြပ်မတ်နည်းလမ်းတွေ ရှိကြပေမယ့်လည်း မိဘတိုင်းမှာ တူညီတဲ့အချက်တစ်ခုကတော့ နောက်ကြောင်းပြန်လှည့်ကြည့်တဲ့အခါမှာ အတိတ်တုန်းကပြုလုပ်ခဲ့တဲ့ အမှားတွေကို ပြုပြင်ချင်စိတ်လေးတွေ ရှိတတ်ကြစမြဲပါပဲ။ ဒါကြောင့် သားသမီးတွေနဲ့ပတ်သက်ပြီး နောက်ပြန်လှည့်ကြည့်တိုင်းမှာ နောင်တကင်းကင်းနဲ့ စိတ်ကျေနပ်မှုရှိစေဖို့ ဒီအချက်လေးတချို့ကို လိုက်နာဆင်ခြင်ပေးသင့်ပါတယ်နော်..

၁။ သားသမီးနဲ့ အချိန်ပေးပြီးစကားဖောင်ဖွဲ့ပြောပေးခြင်း

ဘယ်လောက်ပဲ အလုပ်ရှုပ်နေတယ်ပြောပြော မအားဘူးဆိုနေပါစေ သားသမီးနဲ့ စကားအပြောအဆို မပြတ်နေသင့်ပါဘူး။ အကယ်လို့ ဘာမှမလုပ်ဘဲနဲ့ ဒီအတိုင်းထိုင်ပြီး စကားမပြောနိုင်ဘူးဆိုရင်တောင်မှ သူမေးလိုက်တဲ့မေးခွန်းလေးတွေ ပြန်ဖြေပေးတာ၊ ဘာတွေလုပ်နေတာလဲဆိုတာ မေးပေးတာတွေ ပြုလုပ်ပေးသင့်ပါတယ်။

၂။ မကြာခဏ ပွေ့ဖက်ပေးခြင်း

ငယ်ရွယ်စဉ်တုန်းကတော့ သားသမီးတွေ လက်ကြိုက်သွားမှာစိုးပြီး သိပ်မချီပေးနဲ့လို့ ဘိုးဘွားတွေက ပြောတတ်ကြပေမယ့်လည်း ရံဖန်ရံခါဖြစ်စေ သားသမီးတို့ကို ပွေ့ဖက်ပေးသင့်ပါတယ်။ အရွယ်ငယ်စဉ်တုန်းက မလုပ်ပေးခဲ့ပဲနဲ့ အသက်ကြီးတော့မှ ပွေ့ဖက်ပေးချင်လို့ သားသမီးတွေက လက်ခံတော့မှာ မဟုတ်ပါဘူး။

၃။ အမှတ်တရ ဓာတ်ပုံ၊ ဗွီဒီယိုလေးတွေ ရိုက်ကူးထားခြင်း

သူတို့လေးတွေ အရွယ်ရောက်လာစဉ်မှာ ငယ်စဉ်တုန်းက အမှတ်တရလေးတွေကို အတူတကွ ပြန်ပြီးတော့ ကြည့်လိုက်ရတဲ့အခိုက်အတန့်မှာ အဓိပ္ဗာယ်တွေ အများကြီးရှိနေနိုင်ပါတယ်။ သားသမီးတို့ရဲ့ လှုပ်ရှားမှုမှန်သမျှကို တန်ဖိုးထားပြီးတော့ မှတ်တမ်းတင်ရိုက်ကူးထားပေးခြင်းဖြင့် သူတို့လေးတွေအပေါ်မှာ ဘယ်လောက်ထိ တန်ဖိုးထားချစ်ခင်တယ်ဆိုတာကို ပြသနိုင်ပါတယ်။

၄။အင်မတန်စည်းကမ်းတင်းကြပ်တာမျိုး မလုပ်ခြင်း

မိဘတွေကတော့ သားသမီးတွေ ကောင်းစားဖို့အတွက် စည်းကမ်းတွေထားပြီး တင်းကြပ်ခဲ့တာမှန်ပေမယ့်လည်း သားသမီးတို့အတွက်ကတော့ စေတနာကို ဝေဒနာအနေနဲ့ မြင်တွေ့သွားနိုင်သလို အချိန်ကြာတဲ့အခါမှာ အနေဝေးသွားနိုင်ပါတယ်။

၅။ နေ့ထူးနေ့မြတ်တွေကို သားသမီးတို့နဲ့ အတူဖြတ်သန်းပေးခြင်း

အချို့ကိစ္စတွေဟာ မိဘတွေအတွက်တော့ အသေးအဖွဲကိစ္စလေးဖြစ်နိုင်ပေမယ့်လည်း သားသမီးတို့အတွက်ကတော့ အင်မတန်ကို အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်သွားတတ်ပါတယ်။ သားသမီးတို့ရဲ့ မွေးနေ့၊ ခရစ္စမတ်ပွဲ၊ ဆုပေးပွဲ၊ စသဖြင့် အရေးကြီးတဲ့ရက်မြတ်တွေမှာ အတူမရှိနိုင်တာမျိုး မဖြစ်မိပါစေနဲ့။

Source: BrightSide