အားလုံးပဲမင်္ဂလာပါနော်။ ပုခုံးနဲ့ကျောပြင်မှာ ယားယံပြီး ကြည့်ရဆိုးတဲ့ အနီစက်နဲ့ အမဲကွက်လို ဝက်ခြံအမာရွတ်တွေရှိတာကြောင့် စိတ်ညစ်နေရတဲ့သူတွေအတွက် သဘာဝနည်းလမ်းတွေသုံးပြီး အချိန်တိုအတွင်း ဖယ်ရှားနိုင်မယ့်နည်းလမ်းတွေကို ဒီတစ်ခေါက်မှာ မျှဝေပေးလိုက်ပါတယ်။

Photo Source: Sampli

ပုခုံးနောက်နဲ့ ကျောပြင်က ဝက်ခြံတွေက ဘက်တီးရီးယားဝင်ပြီး ချွေးပေါက်ပိတ်တာ ၊ ချွေးထွက်များတာ၊ ဟော်မုန်းမညီမျှတာတွေကြောင့်အပြင် ဆံပင်ကတစ်ဆင့် ဗောက်တွေနဲ့အထိများတာနဲ့ စိတ်ဖိစီးမှုများတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဝက်ခြံအမာရွတ်သက်သာဖို့အတွက် ဆဲလ်သေတွေဖယ်ရှားပေးနိုင်မယ့် သဘာဝနည်းလမ်းအချို့သုံးပြီး ချွေးချွတ်တာ၊ ကျန်းမာတဲ့အစားအသောက်တွေ စားတာနဲ့ စိတ်ဖိစီးမှုလျှော့ချတာတွေပြုလုပ်ပေးဖို့လိုပါတယ်။ ဒီတစ်ခေါက်ဖော်ပြပေးမယ့် နည်းလမ်းတွေက သင့်ကိုအကုန်အကျသက်သာပြီး လုပ်ရလွယ်ကာ ထိထိရောက်ရောက်သက်သာစေဖို့ ကူညီပေးနိုင်မှာပါ။

၁။ Tea Tree Oil လိမ်းပါ


Tea Tree Oil က အသားနီမြန်းခြင်းကိုသက်သာစေတာကြောင့် ဝက်ခြံအမာရွတ်အနီစက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ အသုံးပြုရမယ့်ပုံစံကတော့ Tea Tree Oil အစက် ၇ စက်နဲ့ အုန်းဆီ စားပွဲတင်ဇွန်းတစ်ဇွန်းစာတို့ကို ရောပြီး ကျောပြင်တစ်လျှောက်လိမ်းပေးရမှာဖြစ်ပါတယ်။ မအိပ်ခင်လိမ်းထားပြီး နောက်နေ့မနက်မှာ ရေနဲ့ပြန်လည်ဆေးချနိုင်ပါတယ်။

၂။ Aloe Vera Gel သုံးပေးပါ


ရောင်ရမ်းခြင်းကိုသက်သာစေပြီး အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ ရှားစောင်းလက်ပက်ကိုလည်း ဝက်ခြံအမာရွတ်ဖယ်ရှားရာမှာအသုံးပြုနိုင်ပါတယ်။ အရောအနှောမပါတဲ့ သဘာဝရှားစောင်းလက်ပတ် Gel တစ်ဇွန်းခန့်ယူပြီး ဝက်ခြံရှိတဲ့ကျောပြင်အနှံ့လိမ်းပေးပါ။ မိနစ်သုံးဆယ်လောက်လိမ်းထားပြီး ရေဆေးချပါ။ ဒီပုံစံအတိုင်း တစ်နေ့သုံးကြိမ်အထိလိမ်းပေးနိုင်ပါတယ်။

၃။ ပန်းသီးရှာလကာရည်နဲ့ ပျားရည်တို့ကိုလည်း အသုံးပြုနိုင်ပါတယ်


ပန်းသီးရှာလကာရည်မှာ ချေးချွတ်ပေးနိုင်တဲ့အာနိသင်ပါဝင်ပြီး ပျားရည်ဟာဆိုရင်လည်း ဝက်ခြံဖုတွေကို အရောင်ကျပြီး သက်သာလာစေတဲ့သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ပန်းသီးရှာလကာရည် ဇွန်းတစ်ဝက်၊ ရေအနည်းငယ်၊ ပျားရည်တစ်ဇွန်းတို့လိုအပ်ပြီး အရင်ဆုံး သင့်ကျောကို အစိုဓာတ်ခရင်မ်လိမ်းပေးပြီး ပျားရည်နဲ့ပွတ်ပေးပါ။ ငါးမိနစ်လောက်နှိပ်နယ်ကာလိမ်းပေးပြီး ရေနဲ့ဆေးချပါ။ ပြီးနောက်မှာတော့ ရေနဲ့ရောထားတဲ့ ပန်းသီးရှာလကာရည်ကို ဝါဂွမ်းသုံးကာ ကျောမှာခပ်ဖွဖွလိမ်းပေးပြီး မိနစ်အနည်းငယ်လောက်ထားနိုင်ပါတယ်။

၄။ မုန့်ဖုတ်ဆိုဒါနဲ့ Exfoliate လုပ်ပေးပါ


မုန့်ဖုတ်ဆိုဒါနှစ်ဇွန်းခန့်ကို ရေနွေးနွေးနဲ့ရောပြီး အနှစ်ရတဲ့အထိမွှေပေးရပါမယ်။ သင့်ကျောမှာလိမ်းပေးပြီး ရေမဆေးခင် ၁၀ မိနစ်မှ ၁၅ အထိထားနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါက ဆဲလ်သေတွေဖယ်ရှားပေးနိုင်တာကြောင့် အမာရွတ်တွေကိုသက်သာစေပါလိမ့်မယ်။ ဒါပေမယ့် အရောင်ရင့်နေတဲ့ ဝက်ခြံဖုတွေရှိရင်တော့ Exfoliate လုပ်တာကိုရှောင်ပေးပါ။

၅။ ရေနွေးဝတ်လည်း ကပ်ပေးနိုင်ပါတယ်

Photo Source: wikihow

ရေနွေးဝတ်ကပ်တာကလည်း ဝက်ခြံကြောင့်နာကျင်တာနဲ့ ယားယံတာတွေကိုသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ အဝတ်သန့်တစ်ခုကိုရေနွေးနွေးနဲ့စွတ်ပြီး ဝက်ခြံနေရာတွေမှာ ၁၅ မိနစ်လောက်ကပ်ပေးပါ။

၆။ အာလူးဖျော်ရည်နဲ့ ဆန်မှုန့်တို့ကိုလည်းလိမ်းနိုင်ပါတယ်

Photo Source: Boldsky.com

ဒီနည်းလမ်းကလည်း အမာရွတ်တွေကိုအရောင်ကျပြီးသက်သာလာစေပါတယ်။ အာလူးဖျော်ရည်တစ်ဇွန်း၊ ဆန်မှုန့်တစ်ဇွန်းနဲ့ ပျားရည်တစ်ဇွန်းတို့ကိုအချိုးကျရောပြီး အနှစ်ရအောင်မွှေပေးပါ။ နောက်ကျောနဲ့လည်ပင်းတို့မှာလိမ်းနိုင်ပြီး ခြောက်သွားတဲ့အထိထားပေးရပါမယ်။ ပြီးနောက်ရေနဲ့ပြန်ဆေးလိုက်ပါ။ ဒီနည်းကို နှစ်ပတ်တစ်ခါလောက်ပြုလုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar