ပျိုမေတို့မင်္ဂလာပါနော်။ ဝိတ်ချရတာတော့ခက်ပေမယ့် ပြန်တက်ဖို့ကတော့ အရမ်းလွယ်တယ်လို့ခံစားရတဲ့ ပျိုမေတွေရှိလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဒီတစ်ခေါက်မှာ ဝိတ်ခဏခဏ ပြန်တက်လာတတ်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် ကိုယ်လိုချင်တဲ့ဝိတ်ကို ထိန်းထားနိုင်ဖို့ ပုံမှန်ပြောင်းလဲလိုက်နာပေးရမယ့် မှန်ကန်တဲ့ Lifestyle နဲ့စားသောက်မှုပုံစံတွေအကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားမှာပါ။ ဒီတော့ ဖော်ပြထားတဲ့နည်းလမ်းတွေထဲမှာ ကိုယ်မလုပ်ဖြစ်သေးတဲ့ အချက်ဘယ်နှခုပါမလဲ စိတ်ဝင်စားရင်ဆက်ကြည့်လိုက်ရအောင်။
၁။ လှုပ်လှုပ်ရှားရှားနေပြီး ဝိတ်ချမယ့်စိတ်ကိုသွင်းထားပါ
ဝိတ်ကျဖို့အတွက် ကိုယ်စားတဲ့ ကယ်လိုရီထက် လောင်ကျွမ်းသွားတဲ့ကယ်လိုရီပမာဏက ပိုများဖို့လိုပါတယ်။ ဒါကြောင့်အမြဲလှုပ်လှုပ်ရှားရှားနေပေးပါ။ ဝိတ်ပြန်မတက်စေဖို့ တစ်နေ့ပုံမှန် မိနစ် ၃၀ ခန့် အချိန်ပေးပြီး လှုပ်လှုပ်ရှားရှားနေတာ၊ လေ့ကျင့်ခန်းပြုလုပ်တာတွေလိုအပ်ပါတယ်။ အစားစားခါနီးအချိန်တွေမှာလည်း ဝိတ်ထိန်းရမယ့်အကြောင်းကို မကြာခဏတွေးပေးပါ။ ဒါက သင့်ကို အစားအသောက်ရွေးချယ်မှုမှန်ကန်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်ဖို့ တွန်းအားဖြစ်စေပါလိမ်မယ်။
၂။ Role Model သတ်မှတ်ထားပါ
ကိုယ်အားကျရတဲ့ ခန္ဓာကိုယ်အချိုးအစားမျိုး ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ကို Role Model အဖြစ်သတ်မှတ်ပြီး သူတို့ပြုလုပ်တတ်တဲ့ လေ့ကျင့်ခန်းနဲ့ Lifestyle တွေကိုအတုယူပြီးလိုက်လုပ်ကြည့်ပါ။ ဒီလိုလုပ်တာကသင့်ကို ဝိတ်ချဖို့အတွက် စိတ်ခွန်အားတစ်ခုဖြစ်စေပါလိမ့်မယ်။
၃။ နည်းနည်းချင်းစီနဲ့ တစ်နေ့ ငါးကြိမ်လောက်စားပါ
ဝိတ်တက်တာကိုရှောင်ဖို့အတွက် ကိုယ်စားတဲ့ အရွယ်အစားနဲ့ ပမာဏကိုလည်းသတိပြုပေးဖို့လိုပါတယ်။ တစ်နေ့မှာ သုံးနပ်စားတာထက် နည်းနည်းစီခွဲပြီး ငါးကြိမ်ပြည့်အောင်စားကြည့်ပါ။ အဆာပြေအနေနဲ့လည်း အသီးနဲ့ အရွက်တွေကိုပိုစားပေးနိုင်ပါတယ်။ တစ်နေ့တာလုံးအတွက် နည်းနည်းချင်းစားတာက အစာခြေစနစ်ကိုအလုပ်လုပ်မှုကိုလည်းပုံမှန်ဖြစ်စေပြီး ကယ်လိုရီများများလောင်ကျွမ်းစေပါတယ်။
၄။ ဆိုဒါဖျော်ရည်တွေနဲ့ အသင့်စားအစားအစာတွေကိုတတ်နိုင်သလောက်ရှောင်ပါ
ဖျော်ရည်နဲ့ အသင့်စား Fast Food တွေမှာ တစ်နေ့တာလုံးအတွက်လိုအပ်တဲ့ ကယ်လိုရီပမာဏထက် ကျော်လွန်ပြီး ပါဝင်တဲ့အပြင် သင့်ကိုလည်းတော်ရုံနဲ့ဗိုက်မပြည့်စေတာကြောင့် ဝိတ်ထိန်းချင်သူတွေအနေနဲ့ ဒါတွေကို ရှောင်ပေးသင့်ပါတယ်။ အချိုရည်လုံးဝမသောက်ဘဲနေတာက ၆ လအတွင်းမှာ ပေါင် ၂၀ အထိကျနိုင်တယ်လို့လည်း လေ့လာမှုတွေအရသိရပါတယ်။
၅။ ရေများများသောက်ပါ
ရေများများသောက်တာက အလွယ်ဆုံးနဲ့ထိရောက်တဲ့ဝိတ်ထိန်းနည်းဖြစ်ပြီး အသားအရေကျန်းမာရေး အတွက်လည်းအထောက်အကူဖြစ်စေပါတယ်။ ဗိုက်ခဏခဏဆာတာမျိုး မဖြစ်ရအောင် ရေတစ်ဗူးကိုအမြဲဆောင်ထားပေးပါ။
၆။ အစားစားတဲ့အခါ အာရုံစိုက်ပေးပါ
ကိုယ်စားနေတဲ့အစားအသောက်ကို အာရုံမထားဘဲ စားနေရင်း TV ကြည့်တာ၊ ဖုန်းသုံးတာ၊ စာအုပ်ဖတ်တာတွေအပေါ် အာရုံစိုက်ထားတာကလည်း သင့်ကိုမသိမသာနဲ့ အစားများစေပြီး ဝိတ်တက်လာစေပါလိမ့်မယ်။ ဒါကြောင့် အစားစားနေတုန်းမှာ ဖြေးဖြေးချင်းအချိန်ယူဝါးပေးပါ။ လိုအပ်တဲ့အာဟာရရရှိစေဖို့ ကိုယ်စားနေတဲ့အစားအစာကို အာရုံစိုက်ပေးဖို့ အရေးကြီးပါတယ်။
Photo Source: Pinterest
By MyStye Myanmar