MyStyle Myanmar က လှပျိုမဒီလေးတွေရေ…ဆောင်းတွင်းရောက်တဲ့အချိန်ဆို အသားအရေက ပိုပြီးခြောက်သွေ့လာတာကို ကြုံဖူးကြမှာပါနော်။ လေအေးက သင့်အသားအရေကို ခြောက်သွေ့စေပါတယ်။ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေဆိုရင်တော့ အလွယ်တကူအသားပတ်တတ်ကြပါတယ်။ ဆောင်းတွင်းမှာ အသားမပတ်ဘဲ ချောမွတ်ပြီး စိုစိုပြေပြေလေးဖြစ်နေစေမယ့် အသားအရေထိန်းသိမ်းနည်းတွေကို ပျိုမေတို့အတွက် ဝေမျှပေးချင်ပါတယ်။ အလွယ်တကူပြုလုပ်နိုင်ပြီး သဘာဝပစ္စည်းတွေဖြစ်တာကြောင့် ဒီပေါင်းတင်နည်းတွေကို ပျိုမေတိုင်း သဘောကျနှစ်ခြိုက်မယ်လို့ မျှော်လင့်ပါတယ်နော်။

ကဲ….ဒါဆိုဘယ်လိုသဘာဝပေါင်းတင်နည်းလေးတွေက ပျိုမေတို့တွေ့ကြုံနေရတဲ့ အသားပတ်တာတွေ အသားအရေခြောက်သွေ့တာတွေကို ဖြေရှင်းပေးမလဲဆိုတာ ကြည့်လိုက်ပါအုံးနော်။

သံလွင်ဆီ

ဆောင်းတွင်းမှာ အသားပတ်တတ်ရင် သံလွင်ဆီဆောင်ထားလိုက်ပါနော်။ သံလွင်ဆီကို ပါးပါးလေးလိမ်းပေးပါ။ သံလွင်ဆီကို မိတ်ကပ်ဖျတ်ဆေးအနေနဲ့လည်း ဆောင်းတွင်းမှာ အသုံးပြုနိုင်ပါတယ်။

ထောပတ်သီး Mask

ဆောင်းတွင်းဆိုရင် ထောပတ်သီးလည်းပေါနေပြီဆိုတော့ ထောပတ်သီး Mask လေးလုပ်ကြည့်ပေးပါ။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ထောပတ်သီးတစ်ဝက်၊ သံလွင်ဆီတစ်ဇွန်းနဲ့ ပျားရည်အနည်းငယ်ပဲ့ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို သေချာလေးရောပြီး မျက်နှာမှာလိမ်းပေးရပါမယ်။ ပြီးတော့ ၁၅ မိနစ်ကနေ မိနစ် ၂၀ ထားပေးပါ။ ပြီးနောက် ရေဆေးချလိုက်ပါ။

ရှားစောင်းလတ်ပတ်

ရှားစောင်းလတ်ပတ်ကို ညအိပ်ရာဝင်ခါနီးတိုင်း မျက်နှာမှာလိမ်းပေးပါ။ တစ်ညထားအိပ်ပါ။ သင့်မျက်နှာလေး သိသိသာသာစိုပြေလာတာကို ခံစားရရှိမှာပဲ့ဖြစ်ပါတယ်။

ချေးချွတ်ပေးပါ

ဒီအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ သံလွင်ဆီ ၂ ဇွန်းနဲ့ သကြားအနည်းငယ်ဖြစ်ပါတယ်။ သကြားနဲ့သံလွင်ဆီကို သင့်မျက်နှာမှာ ငြင်သာစွာပွတ်ပေးပါ။ ပြီးနောက် ရေဆေးချပါ။ နောက်ဆုံးအဆင့်အနေနဲ့ ကြိုက်နှစ်သက်ရာအစိုဓာတ်ထိန်းခရင်တစ်မျိုးမျိုးကို လိမ်းပေးပါ။