လောကမှာကိုယ့်ကိုမလိုလားတဲ့သူတွေ၊ မနာလိုဖြစ်နေတဲ့သူတွေကတော့ ရှိစမြဲပါပဲ့နော်။ တချို့ဆိုရင် ကိုယ့်ထက်သာနေတာတောင် ကိုယ့်ကိုပြန်ပြီး မနာလိုဖြစ်နေတာတွေကို တွေ့မြင်ရတတ်ပါတယ်။ အဲ့လိုမနာလိုမှုတွေကြောင့်ပဲ သူတို့မှာအရင်ပူလောင်ရပါတယ်။ ရန်ကို ရန်ချင်းမတုံ့ပြန်နဲ့ဆိုတဲ့စကားအတိုင်းပဲ့ ကိုယ့်အပေါ်မနာလိုမုန်းထားပြီး တိုက်ခိုက်နေကြသူတွေကို ဘယ်လိုပညာသားပါပါ တုံ့ပြန်ရမလဲဆိုတာလေးကို ဝေမျှပေးလိုက်ပါတယ်။

တချို့လူတွေက ကိုယ့်ထက်သာသွားမှာကို မနာလိုကြတာတွေလည်း အများကြီးရှိပါတယ်။ ကိုယ့်အနေနဲ့ကတော့ သူတို့ကိုဂရုစိုက်မနေပဲ ပိုကောင်းအောင် ပိုတော်လာအောင် ဆက်ကြိုးစားဖို့ပါပဲ။ သူတို့ ဘာလို့ငါ့ကိုဒီလိုဖြစ်နေတာလဲဆိုပြီး အာရုံနောက်ခံပြီးတွေးမနေပါနဲ့။ ကိုယ့်ကိုယ်ကိုပဲ ကောင်းသထက်ကောင်းအောင်၊ အကောင်းဆုံးတွေဖြစ်အောင် ဆက်ကြိုးစားပါ။ သူများစိတ်နဲ့ အသက်ရှင်နေရတာမျိုး မဖြစ်ပါစေနဲ့နော်။

ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာ၊ အလှအပရေးရာတွေနဲ့ပတ်သက်ပြီးတော့လည်း မနာလိုသူ၊ ဝေဖန်စောင်းမြောင်းနေသူတွေ ရှိတတ်ပါတယ်။ ဒီလိုကိုယ့်ကိုဝေဖန်နေတဲ့အခါမှာလည်း ကိုယ့်အနေနဲ့က သူများပြောတာတွေကို နားယောင်ပြီး စိတ်ဓာတ်ကျသွားစရာမလိုပါဘူး။ လောကမှာ အရေးမကြီးတာလေးတွေကအစ ခေါင်းထဲထည့်နေမယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ သင့်မှာ ဒီအရာတွေထက် အရေးကြီးတာတွေ လုပ်စရာအများကြီးရှိသေးတယ်ဆိုတာ မမေ့ပါနဲ့နော်။

ရန်ကိုရန်ချင်းမတုံ့ပြန်ပါနဲ့။ သူရိုင်းသလိုကိုယ်ပြန်မရိုင်းပါနဲ့။ ဘယ်သူတွေကိုယ့်အပေါ် ဘယ်လိုစိတ်မျိုးပဲထားထား၊ ဘယ်လိုတွေပဲပြောဆိုဆက်ဆံနေပါစေ ကိုယ့်ဘက်က မေတ္တာထားလိုက်ပါ။ အတတ်နိုင်ဆုံးသည်းခံလိုက်ပါ။ သည်းခံခြင်းက အောင်မြင်ခြင်းပဲလေ။ ကိုယ်ကသာသူတို့အပေါ်မှာ  တကယ့်စိတ်ရင်းမှန်နဲ့မေတ္တာထားရင် သူတို့လည်း တစ်နေ့ကိုယ့်အပေါ်မေတ္တာပြန်ထားလာပါလိမ့်မယ်။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်ပါတယ်။ နောက်တစ်ခုကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ပြုံးထားပါ။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေအပေါ်ရော၊ မကောင်းတဲ့သူတွေအပေါ်ရော အပြုံးနဲ့ပဲဆက်ဆံပါ။

သူတို့ကိုယ့်အပေါ်မလိုမုန်းထားနေရင် ကိုယ်တောင်ဘာမှလုပ်စရာမလိုပဲ သူတို့ရဲ့မကောင်းတဲ့စိတ်တွေက သူတို့ကိုပြန်သတ်သွားပါလိမ့်မယ်။ သူတို့စေတနာ အကျိုးပေးပါလိမ့်မယ်။ ကိုယ့်အနေနဲ့လုပ်ရမှာကတော့ ဘယ်သူဘာပြောပြောဂရုမစိုက်ပဲ ကိုယ့်အလုပ်ကိုဆက်လုပ်ဖို့ ကိုယ်နေမြဲတိုင်းဆက်နေဖို့နဲ့ အရင်ထက်ပိုကောင်းအောင် ကြိုးစားဖို့ပါပဲ။ နောက်တစ်ခုကတော့ လူတိုင်းအပေါ်မေတ္တာစစ်နဲ့ စေတနာထားလိုက်ပါ။ ဒါဆိုရင် ကိုယ့်စိတ်လည်းအေးချမ်းသွားပါလိမ့်မယ်။