ခေါင်းပေါ်မှာ ဖြူဖြူဖွေးဖွေးနဲ့ ပွနေအောင်ထနေတဲ့ ဗောက်တွေကိုပျောက်ချင်လို့ ခေါင်းလျှော်ရည်တွေပြောင်းသုံးလိုက်၊ သူများတွေပြောတဲ့နည်းလမ်းလေးတွေလိုက်လုပ်လိုက်နဲ့ ကောင်းချင်လို့လုပ်တဲ့အရာတွေက ဆန့်ကျင်ဖက်အနေနဲ့ ပိုပြီးသာဆိုးရွားလာစေနိုင်ပါတယ်။

ဒါကြောင့် ဗောက်ပျောက်ချင်သူတွေအနေနဲ့ မလုပ်မိအောင် အထူးသတိထားရမယ့် အမှားတွေကို MyStyle Myanmar ရဲ့ စာဖတ်ပရိတ်သတ်တွေအတွက် မျှဝေပေးသွားချင်ပါတယ်။

၁။ ခေါင်းခဏခဏလျှော်ခြင်း သို့မဟုတ် ခေါင်းလျှော်နည်းခြင်း

အကြာကြီးနေမှ ခေါင်းတစ်ခါလောက်ထလျှော်တဲ့အခါ အဆီတွေဦးရေပြားမှာစုပြုံလာပြီး ချွေးပါထပ်ပေါင်းလာမယ်ဆိုရင်တော့ ဗောက်ထလို့အကောင်းဆုံးဖြစ်မယ့် နေရာတစ်ခုကိုဖန်တီးပေးလိုက်သလိုပါပဲ။ တခြားတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်း ခေါင်းလျှော်ရည်က နေ့တိုင်းအသုံးပြုလို့မသင့်တော်ပါဘူး။ ဘာလို့လဲဆိုတော့ ဆံသားကျန်းမာစိုပြေဖို့အတွက် ဦးရေပြားကလိုအပ်တဲ့ Essential Oils တွေကို ဖယ်ရှားပစ်လိုက်နိုင်တာမို့ ကျွမ်းကျင်ပညာရှင်တွေရဲ့ညွှန်ကြားချက်ကတော့ ၂ ရက် ၃ ရက်ခြားတစ်ခါသာ ခေါင်းလျှော်ဖို့ပဲဖြစ်ပါတယ်။

၂။ Conditioner မသုံးခြင်း

ခေါင်းလျှော်လိုက်တိုင်း ဆံပင်က ဖုန်မှုန့်နဲ့အညစ်အကြေးတွေကိုသာမဟုတ်ဘဲ ဦးရေပြားကသဘာဝအတိုင်းထွက်လာတဲ့ Sebum ကိုပါ ဖယ်ရှားလိုက်ပါတယ်။ ဒီ Sebum ကို ပြန်လည်ဖြည့်တင်းပေးဖို့လိုအပ်ပြီး ဒီ့အတွက် Conditioner တွေကိုအသုံးပြုရမှာပါ။ Conditioner တွေက ဆံပင်ကို ဗီတာမင်တွေ၊ အာဟာရဓာတ်တွေဖြည့်တင်းပေးကာ ဆံသားတောက်ပြောင်ထူထဲစေပြီး ခြောက်သွေ့ခြင်းမှလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။

၃။ သေချာရေမဆေးချခြင်း

ခေါင်းလျှော်ပြီးတိုင်း ရေနဲ့သေချာမဆေးချဘူးဆိုရင် ဦးရေပြားမှာ အကြွင်းအကျန်တွေ ကပ်ကျန်နေခဲ့နိုင်ပြီး နောက်ဆက်တွဲ ဗောက်တွေဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည်တွေပြောင်အောင် သေချာကုတ်ပြီးရေဆေးချပါ။

၄။ စည်းစနစ်တကျခေါင်းမဖြီးခြင်း

ခေါင်းဖြီးတာက သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး အသားအရေက ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ဦးရေပြားကအညစ်အကြေးတွေကို ရှင်းထုတ်ပစ်ဖို့အတွက် ခေါင်းနေ့တိုင်းဖြီးပေးရပါမယ်။ တစ်နေ့နှစ်ကြိမ်နဲ့ နေ့တိုင်းခေါင်းဖြီးပေးပါ၊ ဒီ့ထက် ပိုကဲပြီးမဖြီးမိပါစေနဲ့၊ လိုတာထက် ပိုဖြီးမိရင်တော့ ဆံပင်တွေကျွတ်ကုန်နိုင်ပါတယ်။

၅။ စိတ်ဖိစီးမှုတအားများခြင်း

စိတ်ဖိစီးမှုက ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ကောင်းကျိုးမဖြစ်စေတာမို့ အတတ်နိုင်ဆုံး စိတ်ကိုရှင်းရှင်းထားပြီး စိတ်ငြိမ်စေမယ့် ယောဂလေ့ကျင့်ခန်းလေးတွေလုပ်၊ ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာတွေလုပ်ပြီး အပန်းဖြေပါ။

၆။ ဦးရေပြားကို လုံလုံလောက်လောက် အစိုဓာတ်မဖြည့်စွက်ပေးခြင်း

ကြက်ဥကို အကာသပ်သပ်၊ အနှစ်သပ်သပ်ခွဲလိုက်ပြီး ကြက်ဥအနှစ်တွေထဲကို ဒိန်ချဥ်၊ သံပုရိုသီး၊ ပျားရည်တို့ရောထည့်မွှေကာ ဆံပင်ပေါ်မှာသုတ်လိမ်းလိုက်ပါ။ ပြီးရင် Shower Cap အုပ်ထားပြီး ခဏလောက်ထားပါ။ ပြီးရင်တော့ သေချာပြောင်စင်အောင် ရေဆေးချပစ်ပါ။ ကြက်ဥအနှစ်တွေက ဆံသားလိုအပ်တဲ့ ပရိုတင်းတွေနဲ့ ဗီတာမင်တွေပြည့်ဝစွာပါဝင်နေပါတယ်။

Source: BrightSide

By MyStyle Myanmar