အိပ်ရာထဲရောက်တာနဲ့ ချက်ချင်းအိပ်မပျော်ဘဲ ဘယ်လောက်ပဲကြိုးစားကြိုးစား မိနစ် ၃၀ ထက်ပိုပြီး အိပ်ပျော်ဖို့အချိန်လိုအပ်တယ် ဒါမှမဟုတ် ညတရေးနိုးတဲ့အခါကျတော့လည်း မိနစ် ၂၀ ထက်ပိုပြီး ငုတ်တုပ်ဖြစ်နေသေးတယ်ဆိုရင်တော့ သင့်ရဲ့အိပ်စက်မှုနဲ့ပတ်သက်ပြီး သေချာအာရုံထားပြီး ဂရုစိုက်ပေးဖို့လိုပါပြီ။ ဒီလိုကိုယ့်ရဲ့အိပ်စက်မှုကို မခက်ခဲချင်တော့ဘူးဆိုရင် နေ့စဥ်လုပ်နေကျ အကျင့်ကိစ္စတွေနဲ့ပတ်သက်ပြီး ပြန်လည်စစ်ဆေးရပါမယ်။

၁။ ညမအိပ်ခင် တီဗီကြည့်၊ ဖုန်း၊ လက်ပ်တော့၊ ကွန်ပျူတာသုံးခြင်း

တီဗီတွေက ဦးနှောက်ကို မကြာခဏ လှုံ့ဆော်မှုတွေဖြစ်စေလို့ သင်တောင်သတိမထားမိလိုက်ဘဲ စိတ်ဂယောက်ဂယက်ဖြစ်ခြင်းတွေကို ခံစားရနိုင်ပါတယ်။ Screen တွေမှထုတ်လွှတ်လိုက်တဲ့ Blue Light တွေဟာ အိပ်ပျော်မှုကိုဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုး Melatonin ထုတ်လုပ်မှုကို ပိတ်ဆို့ပစ်လို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ခက်ခဲစေတာပါ။

ဒါကြောင့် အိပ်ရာမဝင်ခင် မိနစ် ၃၀ အလိုလောက်မှာ ဖုန်းနဲ့တခြား စခရင်မ်တွေကို ပိတ်ထားလိုက်ပြီး စာအုပ်ဖတ်တာ ဒါမှမဟုတ် သက်တောင့်သက်သာရှိအောင် ရေနွေးပူပူလေးနဲ့ ရေချိုးလိုက်ပါ။

၂။ အိပ်ချိန်ပုံမှန်မရှိခြင်း

တစ်နေ့နဲ့တစ်နေ့ အိပ်ချိန်မမှန်တာကို မဆိုထားနှင့်၊ တစ်ရက်လောက်အိပ်ချိန်တအားနောက်ကျသွားရင်ကို သုံးရက်လေးရက်လောက် ပြန်ပြီးခံရတတ်ပါတယ်။ နေ့တိုင်း မနက် ၇ နာရီမှာ အိပ်ရာထရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ပြောချင်တာက ညဖက်အိပ်ရာဝင်နောက်ကျတတ်တယ် ဒါမှမဟုတ် မနက်စောစောနေ့တိုင်းထရတယ်ဆိုရင် နေ့လည်နေ့ခင်း တစ်ရေးအိပ်ပြီး ညဖက်ကိုယ်အိပ်နေကျအချိန်မှာ အိပ်ပါ။

၃။ ညအိပ်ရာမဝင်ခင် အလွန်အကျွံစားမိခြင်း

ညနေ ၃ နာရီနောက်ပိုင်း အစားအများကြီးစားမိတယ်ဆိုရင် Acid Reflux နဲ့ အစာမကြေခြင်းတွေဖြစ်စေပြီး ထိုအရာတွေကနေ ညဖက်အိပ်ပျော်ဖို့ခက်ခဲနိုင်ပါတယ်။ ဒါတွေသာမက ဝိတ်ကျဖို့အထောက်အကူမပြုနိုင်တဲ့အပြင် အဝလွန်တဲ့ပြဿနာပါ ထပ်ကြုံတွေ့လာရနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရာမဝင်ခင် ၃ နာရီလောက် အလိုကတည်းက အစားများများစားခြင်းရှောင်ရှားပြီး ညနေဖက်မှာ အချိုစာတွေနဲ့ အပြင်စာတွေမစားမိအောင် ကြိုးစားပါ။

၄။ လေ့ကျင့်ခန်းမလုပ်ခြင်း

လေ့ကျင့်ခန်းမလုပ်တာနဲ့ ညအိပ်ဖို့ခက်ခဲတာတို့က ဆက်စပ်နေတယ်ဆိုတာကို လူအများစုမသိကြပါဘူး။ မိနစ် ၃၀ ကြာလမ်းလျှောက်ခြင်းလို သင့်တင့်မျှတတဲ့အတိုင်းအတာ ပမာဏနဲ့ လေ့ကျင့်ခန်းနေ့တိုင်းလုပ်ပေးခြင်းအားဖြင့် တဖြည်းဖြည်းတိုးတက်လာမယ့် သင့်ရဲ့အိပ်စက်မှုကို အရယူလိုက်ပါ။

၅။ အခန်းကိုရှုပ်ပွအောင်ထားခြင်း

ကလေးတွေရော လူကြီးတွေအတွက်ပါ အိပ်ချင်စရာကောင်းတဲ့ အခန်းတစ်ခန်းဖြစ်စေဖို့က အရေးကြီးပါတယ်။ တွေ့ရှိချက်တွေအရ ရှုပ်ပွနေတဲ့အခန်းက စိတ်ဖိစီးမှုတွေကိုဖြစ်ပေါ်စေတဲ့အတွက် ကိုယ့်အခန်းကိုရှင်းရှင်လင်းလင်းလေးထားပြီး အိပ်ချင်စရာကောင်းအောင် ပြင်ဆင်ဖန်တီးပါ။ နောက်ပြီး အလုပ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊ စာအုပ်တွေနဲ့ လျှပ်စစ်ပစ္စည်းတွေကို အခန်းထဲမှာ တတ်နိုင်သမျှ မထားမိအောင်ကြိုးစားပါ။

Source: BrightSide

By MyStyle Myanmar