တစ်ခါတစ်လေမှာ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိပဲ လုပ်နေမိတဲ့အရာတွေကြောင့် ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ ပျက်စီးသွားစေမိတဲ့အချိန်တွေလည်း ရှိပါတယ်။ ဒါကြောင့် အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေချင်တယ်ဆိုရင် ကိုယ့်မှာရှိနေတဲ့ ဒီလိုမကောင်းတဲ့အကျင့်ဆိုးတွေကို ပြင်မှရပါမယ်နော်။ သင့်ရဲ့ပျော်ရွှင်မှုကို ခိုးယူနေတဲ့ အကျင့်ဆိုးတွေက ဘာများဖြစ်နေပါသလဲဆိုတာ ကြည့်လိုက်ပါအုံးနော်။

ခံစားချက်တွေကိုပိတ်လှောင်ထားတာ

ကိုယ့်ခံစားချက်တွေကို ပိတ်လှောင်ထားတာက အရမ်းခံရခက်ပါတယ်။ စိတ်ထဲမှာဖြစ်တဲ့အတိုင်း ပေါက်ကွဲလို့လည်းရတယ်၊ ငိုလို့လည်းရတယ်၊ ပျော်လို့လည်းရပါတယ်။ ကိုယ့်ကိုယ်ကိုပြန်ပြီး ချုပ်နှောင်မထားပါနဲ့။ အရမ်းခံစားရတဲ့အခါ ယုံကြည်ရတဲ့သူကို ရင်ဖွင့်လိုက်ပါ။ ရင်ဖွင့်လိုက်ရင် စိတ်ထဲပေါ့ပြီး နေလို့ကောင်းသွားပါလိမ့်မယ်။

မဖြစ်သေးတာကိုကြိုတွေးနေတာ

တစ်ခုခုဆိုရင် လုပ်တောင်မလုပ်ရသေးဘူး၊ စတောင်မစရသေးဘူး ကြိုတွေးပြီး ပူပန်နေတာမျိုးတွေ မလုပ်ပါနဲ့။ ဘာမှမဖြစ်ခင်ထဲက ကြိုပြီးစိတ်ညစ်နေရပါတယ်။ ဒါကြောင့် ပျော်ပျော်ပဲနေပါ။ မဖြစ်သေးတာကို ကြိုတွေးမနေပါနဲ့။ ဖြစ်လာမှသာ ရင်ဆိုင်လိုက်တာ သင့်အတွက်ပိုကောင်းပါတယ်။

အတိတ်ကိုပဲပြန်တွေးနေတာ

ပြီးခဲ့တာတွေကို ပြန်မတွေးပါနဲ့။ အတိတ်ကို အတိတ်မှာထားခဲ့ပြီး လက်ရှိပစ္စုပ္ပန်မှာပဲ အကောင်းဆုံးဖြစ်အောင် နေထိုင်မယ်ဆိုရင် ပျော်ရွှင်ရမှာပါ။ အတိတ်ကိုပဲ ပြန်တွေးနေလို့ကတော့ ကိုယ်စိတ်ကိုလှောင်ထားသလို ဖြစ်နေမှာပါ။

တခြားသူကိုအာရုံစိုက်နေတာ

ကိုယ်လုပ်ရမယ့်အရာကိုပဲ အာရုံစိုက်ပါ။ သူများအမြင်တွေ၊ သူများပြောဆိုမှာတွေကို လိုက်ပြီးအာရုံစိုက်မနေပါနဲ့။ သူများကိုပဲအာရုံစိုက်နေရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်း ရှိတော့မှာမဟုတ်ဘူး။ အမြဲကြောက်ရွံ့ပြီး ပျော်ချင်တိုင်းပျော်လို့တောင် မရပါဘူး။