ကံဆိုးတဲ့နေ့တွေ လူတိုင်းမှာ ရှိတတ်ပါတယ်။ ဒီလိုနေ့တွေက သင့်စိတ်ကို အောက်ဆုံးထိ ဆွဲချနိုင်သလို စိတ်ဒုက္ခပေးတဲ့နေ့တွေ ဖြစ်ပါတယ်။ ပြင်ပ နှောင့်ယှက်မှုမရှိရင်တောင် သင့်ကိုယ်သင် မလှဘူး၊ မလုံလောက်ဘူးလို့ တွေးတဲ့နေ့တွေက ကံဆိုးတဲ့နေ့တွေ ဖြစ်သွားတတ်ပါတယ်။ မိန်းကလေးတိုင်း ဒီလိုအတွေးတွေ ဝင်ဖူးပါတယ်။ ဒီတစ်ခေါက်မှာတော့ အဆိုးဆုံးနေ့တွေမှာတောင် အလှဆုံး ဖြတ်သန်းနိုင်ဖို့ ပြုလုပ်နိုင်တဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ်အကြိုက်ဆုံး ကိုယ့်ပုံတစ်ပုံကို ကြည့်ပါ

ကိုယ့်ကိုကိုယ် မလုံလောက်ဘူးလို့ ထင်နေတဲ့အချိန် ကိုယ့်ပုံတွေထဲက အလှဆုံးပုံတစ်ပုံ ပြန်ကြည့်သင့်ပါတယ်။ ဒီလိုကြည့်လိုက်တာကြောင့် သင်က ဓာတ်ပုံထဲကလို တဖန် ပြန်လှနိုင်ကြောင်း အတွေးတွေ ဝင်သွားပါတယ်။

၂။ သင်အကြိုက်ဆုံး အဝတ်အစားကို ဝတ်ပါ

အဆိုးဆုံးနေ့တွေမှာ ကိုယ်အကြိုက်ဆုံး အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။ အင်္ကျီလှလှလေးကြောင့် သင့်စိတ်ကို မောင်းတင်ပေးရာ ရောက်ပြီး ဘာဖြစ်ဖြစ် ငါ အကောင်းဆုံး လုပ်နေတာပဲ ဆိုတဲ့စိတ်က အဆိုးဆုံးကို ဖြတ်ကျော်နိုင်စေမှာပါ။

၃။ သင်အကြိုက်ဆုံး ရေမွှေးကို ဆွတ်ပါ

မွှေးရနံ့တွေက သင့်စိတ်ကို ပြန်လန်းဆန်းစေပါတယ်။ သင်အကြိုက်ဆုံး ရနံ့တွေကို ရှာဖွေထားသင့်ပါတယ်။ ကိုယ်အမှတ်တရ ဖြစ်စေချင်တဲ့နေ့တွေမှာ အကြိုက်ဆုံး ရေမွှေးကို ဆွတ်လိုက်တဲ့အခါ အဆိုးဆုံးကနေ အကောင်းဆုံး ပြောင်းသွားနိုင်ပါတယ်။ ကိုယ့်စိတ်အခြေအနေအလိုက် ရေမွှေးနံ့ကို ပြောင်းလဲနိုင်ပါတယ်။

၄။ ကခုန်ပါ

Photo Source: Yao Yao Ma Van As

ကံဆိုးတဲ့နေ့တွေမှာ သင်က ဒီအဆိုးတွေကို ကခုန်ပြီး မေ့ဖျောက်နိုင်ပါတယ်။ ကလိုက်တာ ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်လိုက်တဲ့အခါ ပျော်ရွှင်စေတဲ့ ဟော်မုန်းထွက်လာပြီး ညစ်စရာတွေကို ဆေးကြောရာ ရောက်ပါတယ်။

၅။ ဈေးဝယ်ထွက်ပါ

ဘာလုပ်လုပ် အဆင်မပြေတဲ့ နေ့တွေမှာ သင်ဝယ်ချင်တဲ့ ပစ္စည်းတစ်မျိုးကို ဝယ်လိုက်တာ ဒါမှမဟုတ် ဈေးဝယ်ထွက်တာ လုပ်သင့်ပါတယ်။ မိန်းကလေးအများစုရဲ့ ဝါသနာက Shopping ဖြစ်နေတာ မဆန်းပါဘူး။ ဒါပေမဲ့ ကိုယ့်မှာ ရှိတဲ့ Budget နဲ့ ဝယ်တာ ညှိပေးဖို့တော့ လိုပါမယ်။

၆။ သင့်ကို တန်ဖိုးထားသူတွေနဲ့ အချိန်ကုန်ဆုံးပါ

ကံဆိုးတဲ့ရက်တွေမှာ သင်ကို အကောင်းမြင်သူတွေနဲ့ အချိန်ကုန်ဆုံးသင့်ပါတယ်။ သင့်ကို အကောင်းမြင်သူတွေက သင်ဘာလုပ်လုပ် မေတ္တာမပျက်သူတွေ ဖြစ်ပါတယ်။ သင့်အဖွား၊ သင့်မိဘတွေ ဖြစ်နိုင်သလို သင့်ချစ်သူ၊ သင့်သူငယ်ချင်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ သူတို့နဲ့ အချိန်ကုန်ဆုံးတာက သင့်အပူတွေကို ယူပစ်ရာရောက်ပါတယ်။

၇။ အတွင်းအလှက အရေးကြီးကြောင်း သတိရပါ

သင့်ကိုယ်သင် အဆင်မပြေဘူးလို့ ထင်တဲ့ရက်တွေမှာ ပြင်ပ ပကာသနတွေထက် အတွင်းစိတ်က အရေးကြီးကြောင်း သတိပေးသင့်ပါတယ်။ ရုပ်ကြည့်မကောင်းပေမယ့် စိတ်ထားကောင်းပြီး ခံယူချက်ကောင်းတာကြောင့် အောင်မြင်နေတဲ့အမျိုးသမီးတွေကို သင်မြင်ဖူးမှာပါ။

ဒီအချက်တွေကို လိုက်နာမယ်ဆိုရင်တော့ သင့်ရဲ့ အဆိုးဆုံးရက်တွေမှာတောင် ပြန်ပြုံးနိုင်မှာ မလွဲမသွေပါပဲ။

Photo Source: Pinterest

By MyStyle Myanmar