များသောအားဖြင့် ဆံသားအဆီပြန်ခြင်းကို ဖြစ်စေတတ်တဲ့အကြောင်းအရင်းတွေက ရာသီဥတုပူခြင်း၊ ခေါင်းမကြာခဏဖြီးခြင်း၊ ခေါင်းလျှော်ရည်နဲ့ပေါင်းဆေးတွေ အလွန်အကျွံသုံးမိခြင်းနဲ့ ဆံသားကိုခဏခဏ ကိုင်တွယ်ခြင်းတွေအပြင် ဗီတာမင် B ဓာတ်နဲ့ ဟော်မုန်းဓာတ်မညီမျှခြင်းကြောင့်ပါ ဖြစ်တတ်ပါတယ်။
ဆံသားအဆီပြန်လွယ်တဲ့အခါ ခေါင်းလျှော်ပြီးခဏအတွင်း ခေါင်းယားတာ၊ အနံ့ထွက်တာနဲ့ ဗောက်ထတာ တွေဖြစ်တတ်တာကြောင့် မကြာခဏခေါင်းပြန်လျှော်ရတာအရမ်းအလုပ်ရှုပ်ပါတယ်။ ဒါကြောင့်အချိန်တိုအတွင်း ခေါင်းအဆီပြန်တဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် သဘာဝထိန်းသိမ်းနည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ပျိုမေတိုင်းအတွက် လုပ်ရလွယ်ကူပြီး ဆံသားပြန်လည်တောက်ပြောင်လာဖို့ကိုပါ ကူညီပေးနိုင်တာကြောင့် ဖော်ပြထားတဲ့နည်းလမ်းတွေကိုစမ်းလုပ်ကြည့်ဖို့ မမေ့ပါနဲ့နော်။
၁။ ရှားစောင်းလက်ပတ်အသုံးပြုနိုင်ပါတယ်
ရှားစောင်းလက်ပတ်မှာ အသားအရေနဲ့ ဆံသားအတွက် အားဖြည့်ပေးနိုင်တဲ့ အကျိုးအာနိသင်များစွာ ပါဝင်တဲ့အပြင် အရေပြားအဆီထုတ်လုပ်မှုလျှော့ချနိုင်ဖို့အတွက်ပါ ကူညီပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်အပင်ကရတဲ့ Gel တစ်ဇွန်း (သို့) နှစ်ဇွန်းကို သံပယိုရည်တစ်ဇွန်း၊ ရေတစ်ခွက်တို့နဲ့ရောပြီး ဦးရေပြား၊ ဆံသားအရင်းနဲ့ အဖျားပိုင်းတွေမှာ လိမ်းထားပေးပါ။ မိနစ် (၃၀) ခန့်ထားပြီးနောက် ခေါင်းလျှော်ရည်အနည်းငယ်နဲ့ဆေးချပေးရပါမယ်။ ဒီနည်းကိုတစ်ပတ်တစ်ခါပြုလုပ်နိုင်ပါတယ်။
၂။ ဆံသားကို သံပယိုရည်နဲ့ပေါင်းတင်နိုင်ပါတယ်
ဗီတာမင်စီနဲ့ Citric Acid တွေပါဝင်တဲ့ သံပယိုသီးက ဆံသားသန်စွမ်းစေပြီး အဆီပြန်ခြင်းကိုပါ ထိန်းပေးနိုင်ပါတယ်။ သံပယိုရည် လေး၊ ငါးဇွန်းကို ရေနှစ်ခွက်နဲ့ရောပြီး အအေးခံထားပေးပါ။ ပြီးနောက် အအေးခံထားတဲ့အရည်ကို သင့်ဆံသားပေါ်လောင်းချပေးရပါမယ်။ မိနစ် (၂၀) လောက်ထားပြီးနောက် ရေအေး (သို့) ခေါင်းလျှော်ရည်နဲ့ပြန်လည်ဆေးချနိုင်ပါတယ်။
၃။ ပန်းသီးရှာလကာရည်အသုံးပြုပါ
ပန်းသီးရှာလကာရည်မှာလည်း အက်စစ်ဓာတ်ပါဝင်တာကြောင့် အဆီပြန်ခြင်းကိုထိန်းချုပ်ရာမှာ အသုံးဝင်ပါတယ်။ အရင်ဆုံး ပုံမှန်ခေါင်းလျှော်ရည်အပျော့နဲ့လျှော်ပေးပါ။ ရှာလကာရည် သုံးဇွန်းခန့်ကို ရေတစ်ခွက်နဲ့ရောပြီး ခေါင်းလျှော်ထားတဲ့ဆံသားကိုလိမ်းပေးနိုင်ပါတယ်။ ပြီးနောက် မိနစ်အနည်းငယ်ထားပြီး ရေနဲ့ပြန်လည်ဆေးချပေးလိုက်ပါ။ ဒီနည်းလမ်းကို သုံးရက်တစ်ခါပြုလုပ်နိုင်ပြီး သင့်ဆံပင်မှာရှိနေတဲ့ အဆီပိုနဲ့ အညစ်အကြေးတွေကိုသန့်စင်စေဖို့ထောက်ပံ့ပေးပါလိမ့်မယ်။
၄။ ကြက်ဥအနှစ်နဲ့ပေါင်းတင်ပေးပါ
ကြက်ဥအနှစ်က အဆီပြန်ခြင်းကိုထိန်းပေးနိုင်ပြီး ဆံသားမွှေးညှင်းပေါက်တွေကိုသန်စွမ်းစေပါတယ်။ ပြုလုပ်ရမှာကတော့ ကြက်ဥအနှစ်ကို သံပယိုရည်တစ်ဇွန်းနဲ့ရောပြီး ဆံသားကိုပွတ်လိမ်းပေးရပါမယ်။ မိနစ် (၃၀) နီးပါးထားပြီးနောက်မှာ ရေအေးအေးနဲ့ဆေးချပေးပါ။ ဒီပေါင်းတင်နည်းကို တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။
၅။ မုန့်ဖုတ်ဆိုဒါနဲ့လည်း အဆီပြန်ခြင်းကိုထိန်းချုပ်နိုင်ပါတယ်
မုန့်ဖုတ်ဆိုဒါက ဦးရေပြားကိုသန့်စင်ပေးပြီး မလိုအပ်တဲ့အဆီတွေစုပ်ယူပေးနိုင်တာကြောင့် Dry Shampoo အနေနဲ့အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါအနည်းငယ်ကိုရေရောပြီး အနှစ်ရတဲ့အထိမွှေပေးပါ။ ဆံသားနဲ့ဦးရေပြားကိုဖြေးဖြေးချင်းလိမ်းပေးပြီး ငါးမိနစ်ခန့်ထားပြီးနောက်ရေအေးနဲ့ဆေးချနိုင်ပါတယ်။
၆။ Argan Oil နဲ့အစိုဓာတ်ပေးပါ
Argan Oil ကို ဦးရေပြားနဲ့ဆံသားအနှံ့နှိပ်နယ်ပြီးလိမ်းပေးတာက ဆံသားအဆီထုတ်လုပ်မှုကိုပုံမှန်ဖြစ်စေပြီး အစိုဓာတ်ပေးပြီးသားလည်းဖြစ်စေပါတယ်။ လိမ်းပြီးနောက် ရေနွေးစွတ်ထားတဲ့တဘက်နဲ့ ခေါင်းကိုပတ်ထားပေးပါ။ တစ်နာရီလောက်ထားပြီးနောက် ခေါင်းလျှော်နိုင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar