ဝက်ခြံခဏခဏထွက်လို့ စိတ်ညစ်နေရတဲ့သူတွေအတွက် အမြန်ဆုံးပြန်လည်သက်သာပြီး အသားအရေ ချောမွေ့လာစေဖို့ သဘာဝပစ္စည်းတွေနဲ့ အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းတွေက သင့်မျက်နှာအနှံ့ဝက်ခြံထွက်ခြင်းကို လျှော့ချပေးနိုင်တဲ့အပြင် ဝက်ခြံညှစ်မိလို့ကျန်ခဲ့တဲ့ အမာရွတ်တွေကိုပါ သက်သာဖို့အထောက်အကူဖြစ်စေမှာပါ။
၁။ ရေခဲကပ်ပါ
နီရဲနေတဲ့ဝက်ခြံဖုအကြီးတွေကို ရေခဲကပ်ပေးခြင်းက ပြားကပ်ပြီးအရောင်ကျစေဖို့ထောက်ပံ့ပေးနိုင်တဲ့အပြင် ဝက်ခြံကြောင့် အရေပြားနာကျင်ခြင်းတွေကိုလည်း သက်သာလာစေပါတယ်။ ပထမဆုံး ရေခဲမကပ်ခင် သင့်မျက်နှာကိုရေနွေးနွေးနဲ့အရင်သန့်စင်ပေးပါ။ ပြီးနောက်မှာတော့ ဝက်ခြံထွက်လေ့ရှိတဲ့နေရာတွေကို ရေခဲအသန့်နဲ့ တစ်မိနစ်ခန့် ဖြေးဖြေးချင်းပွတ်ပေးနိုင်ပါတယ်။
၂။ အစိုဓာတ်ပြည့်ဝပြီး ဝက်ခြံကင်းစေဖို့ Jojoba Oil အသုံးပြုပါ
Jojoba အဆီက အသားအရေနဲ့ ဆံသားကို အစိုဓာတ်လုံလောက်အောင်ပေးနိုင်တဲ့အပြင် သူ့မှာ အရေပြားအာဟာရဖြည့်ပေးတဲ့ ဗီတာမင်ဓာတ်များစွာပါဝင်ပါတယ်။ ဒါကြောင့် လက်အသန့်နဲ့ Jojoba Oil အနည်းငယ်ယူပြီး သင့်မျက်နှာကို ဖြေးဖြေးချင်းပွတ်ပေးပါ။ အသားထဲစိမ့်ဝင်စေဖို့ နှစ်မိနစ်မှ သုံးမိနစ်အထိ နှိပ်နယ်ပေးသင့်ပါတယ်။
၃။ Flaxseed Oil အသုံးပြုပါ
Flaxseed အဆီမှာ အသားအရေခြောက်သွေ့ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ Omega-3 Acid ဓာတ်တွေပါဝင်ပြီး အရေပြားကိုအစိုဓာတ်ပေးနိုင်ပါတယ်။ ဆဲလ်အသစ်ဖြစ်ပေါ်ခြင်းကိုလည်း ထောက်ပံ့ပေးတာကြောင့် သင့်မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံအမာရွတ်နဲ့ အရေးအကြောင်းတွေကိုပါ သက်သာစေပါလိမ့်မယ်။ ဒါကြောင့် Flaxseed အဆီအနည်းငယ်ကို လက်ညိုးပေါ်မှာအစက်ချပြီး ဝက်ခြံအမာရွတ်ရှိတဲ့နေရာတစ်ဝိုက် ဖြေးဖြေးချင်းပွတ်လိမ်းပေးပါ။
၄။ သခွားသီးနဲ့ပေါင်းတင်ပေးပါ
Photo Source: brightside.me
သခွားသီးက ဗီတာမင်စီနဲ့ Folic Acid ကြွယ်ဝတဲ့အသီးဖြစ်ပါတယ်။ သူက အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ချောမွေ့အေးမြစေတာမို့ ဝက်ခြံကြောင့်ဖြစ်တဲ့ အရေပြားရောင်ရမ်းခြင်းတွေကိုကုသရာမှာ သဘာဝ အသားအရေပေါင်းတင်ပစ္စည်းအဖြစ်သုံးလေ့ရှိကြပါတယ်။ သခွားသီးနဲ့ပေါင်းတင်နည်းကတော့ သခွားသီးအသေးတစ်လုံးကို Oatmeal အနည်းငယ်နဲ့ရောကြိတ်ပေးပြီး ဒိန်ချဉ်စားပွဲတင်ဇွန်းတစ်ဇွန်း ထည့်မွှေပေးရပါမယ်။ ပြီးနောက် မျက်နှာအနှံ့လိမ်းပေးပြီး နာရီဝက်ခန့်အကြာမှာ ရေနဲ့ပြန်လည် ဆေးချပေးနိုင်ပါတယ်။
၅။ Rosemary Oil အသုံးပြုပါ
Rosemary အဆီက အရေပြားနီမြန်းခြင်းကိုသက်သာစေပြီး အိုမင်းရင့်ရော်ခြင်းကိုလျှော့ချပေးနိုင်မယ့် Antioxidant တွေပါဝင်တဲ့ သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်တစ်ဇွန်း၊ Rosemary အဆီနဲ့ လက်ဖက်ရွက်အဆီနှစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာပေါ်လိမ်းပေးရပါမယ်။ ပြီးနောက် ၅ မိနစ်မှ ၁၀ မိနစ်အထိထားပြီး ရေအေးအေးနဲ့ပြန်လည်ဆေးချပေးပါ။ ဒီပေါင်းတင်နည်းကိုတော့ တစ်ပတ်တစ်ခါ ပြုလုပ်ပေးနိုင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar