လူတွေဟာ ပထမဆုံးသောအမှတ်တရနဲ့ အတွေ့အကြုံတွေကို အလွယ်တကူနဲ့မမေ့တတ်ကြပါဘူး။ အလားတူပဲ ပထမဆုံး တက်တူးထိုးဖို့စဉ်းစားနေတဲ့သူတွေအနေနဲ့လည်း နောင်တစ်ချိန် ပြန်တွေးတဲ့အခါမှာ နောင်တကင်းစေဖို့ ကိုယ်ထိုးမယ့်တက်တူးပုံစံနဲ့ အရွယ်အစားတွေကို သေချာရွေးချယ်ပေးဖို့လိုပါတယ်။ တက်တူးဆိုတာ ရေရှည်ခံစေတဲ့ အရေပြားပေါ်က အနုပညာတစ်မျိုးဖြစ်တာကြောင့် လူအများစုဟာဆိုရင် လှပတဲ့ပုံရိပ်နဲ့ စာသားတွေ၊ နွေးထွေးတဲ့အမှတ်တရတွေကို ကိုယ်နဲ့တစ်ဘဝလုံးစာမြဲနေဖို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအပေါ်မှာ အနာခံပြီး ရေးထိုးတတ်ကြပါတယ်။
ဒီတစ်ခေါက်မှာ တက်တူးစထိုးဖို့စိတ်ဝင်စားတဲ့သူတွေ၊ ပထမဆုံးဖြစ်တာကြောင့် ကိုယ့်ရဲ့အနာခံနိုင်ရည်အားကို သေချာမသိသေးတဲ့သူတွေနဲ့ စမ်းထိုးကြည့်ဖို့ဒီဇိုင်းရွေးရခက်နေတဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် တက်တူးဒီဇိုင်းလေးတွေကို အကြံပြုဖော်ပြပေးလိုက်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ တက်တူးဒီဇိုင်းတွေက တော်တော်များများနဲ့အဆင်ပြေပြီး အမြင်မရိုင်းစေတဲ့ပုံစံတွေဖြစ်တာကြောင့် တက်တူးစိတ်ဝင်စားသူတွေ နမူနာယူပြီးထိုးကြည့်သင့်ပါတယ်။
သဘာဝဆန်တဲ့ပုံရိပ်လေးတွေနဲ့ ပန်းပုံလှလှလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီလို အရောင်တက်တူးဒီဇိုင်းလေးတွေက ရှင်းရှင်းလေးနဲ့အထာကျစေပါတယ်။ ပန်းပုံတက်တူးတွေက ရင်ဘတ်ညှပ်ရိုးအောက်နဲ့ လက်ကောက်ဝတ်တစ်ဝိုက်မှာ တက်တူးထိုးရတာကြိုက်တဲ့သူတွေနဲ့ လိုက်ဖက်စေမှာပါ။
ကြယ်၊လနဲ့ ဂြိုလ်ပုံစံလေးတွေထိုးချင်တဲ့သူတွေအတွက် စိတ်ကူးယဉ်ဆန်ပြီး ချစ်စရာကောင်းစေမယ့် တက်တူးအသေးလေးတွေဖြစ်ပါတယ်။ ဒီလိုပုံစံတွေက အရောင်မပါဘဲလည်းလှသလို အရောင်စုံထိုးတဲ့အခါမှာလည်း လွင်လွင်လေးနဲ့ကြည့်ကောင်းစေပါတယ်။
ကိုယ်ချစ်တဲ့အကောင်လေးတွေရဲ့ပုံစံတွေထိုးတာကလည်း ချစ်စရာကောင်းပြီး အမှတ်တရဖြစ်စေမှာပါ။
သက်တံ့အရောင်စိုစိုလေးတွေကြိုက်တတ်တဲ့သူတွေအတွက် သက်တံ့ပုံစံလေးတွေ၊ ရောင်စုံစာသားတက်တူးလေးတွေကလည်း လူငယ်တွေနဲ့ လိုက်ဖက်ပြီး သေးသေးလေးနဲ့ထင်းနေစေမယ့် ဒီဇိုင်းတွေပဲဖြစ်ပါတယ်။
လက်စွပ်နဲ့လက်ကောက်စတဲ့ အသုံးအဆောင်ပုံစံလေးတွေထိုးတာကလည်း အမှန်တကယ် ဝတ်ထားသလိုထင်ရစေပြီး ကိုယ်ချစ်ရတဲ့သူတွေနဲ့ဆင်တူထိုးလို့ကောင်းတဲ့ ပုံစံလေးတွေပဲဖြစ်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar