တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာနေတဲ့ စုံတွဲတွေ အဆင်ပြေနိုင်ဖို့ နည်းလမ်းတွေ အများအပြား ရှိပါတယ်။ LDRS ဘဝက စစဝေးချင်းမှာ မသိသာပေမယ့် ဝေးကွာတာကြာလာတဲ့အချိန် စုံတွဲတွေကြား မပြေလည်မှုတွေဖြစ်လာတတ်ပါတယ်။ ဒီလိုအဆင်မပြေတာတွေ မဖြစ်လာဖို့ အောက်ဖော်ပြပါ နည်းလမ်းတွေကို အသုံးချနိုင်ပါတယ်။

၁။ တစ်ယောက်နဲ့တစ်ယောက် အမြဲသတင်းမေးပါ

ဘာလုပ်နေလဲ..ဘယ်သွားဖြစ်လဲ စတဲ့ မေးခွန်းတွေကို ဘယ်လောက်ပဲ အလုပ်များပါစေ ပုံမှန်မေးနေသင့်ပါတယ်။”ငါနင့်ကိုချစ်တယ်..လွမ်းနေတာ” စတဲ့ စကားတွေကို လူတိုင်းကြားချင်ကြပါတယ်။  သင့်အနေနဲ့ သင့်ကောင်လေး/ ကောင်မလေးကို အမြဲသတိတရရှိနေကြောင်း ပြသသင့်ပါတယ်။

၂။ ဖြစ်သမျှကို စာရိုက်ပြီး မတိုင်ပင်ပါနဲ့

တစ်ခါတလေ စာရိုက်ပြီး စကားပြောတဲ့အခါ ကိုယ်မပြောရဲတဲ့ စကားလုံးတွေ ထွက်သွားတတ်ပါတယ်။ ချစ်ရသူနဲ့အရေးကြီးကိစ္စတွေကို စာရိုက်ပြီး ပြောပြတာထက် ဖုန်းနဲ့၊ Video call နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ရန်ဖြစ်တဲ့အချိန်လည်း ဒီသဘောတရားကို ကျင့်သုံးသင့်ပါတယ်။

၃။ Video Call နဲ့ ဒိတ်လုပ်ပါ

ကိုယ့်ချစ်သူကို ထိတွေ့ခွင့်မရရင်တောင် မျက်နှာလေး မြင်နေရတာက ကြည်နူးစရာပါ။ သူနဲ့ တစ်နေ့မှာ တစ်ခါလောက်တော့ Video Call ပုံမှန်ပြောသင့်ပါတယ်။

၄။ အချစ်စာစောင်လေးတွေ

ဟိုးအရင်က စုံတွဲတွေဟာ စာရေးပြီး ဆက်သွယ်ကြပါတယ်။ သင်က ဒီနည်းလမ်းအဟောင်းကို စိတ်ကူးယဉ်ဆန်ဆန် ပြန်သုံးနိုင်ပါတယ်။ စာအရှည်ကြီး ရေးနေစရာမလိုပါဘူး။ သင့်ဘဝထဲမှာ လိုချင်တာက ဘာလဲ။ သင်တို့နှစ်ဦးဘဝကို ဘယ်လိုဖြစ်စေချင်လဲ စတာတွေကို စာထဲ ချရေးပြီး သူ့ဆီ ပို့နိုင်ပါတယ်။

၅။ စိတ်ရှည်ပါ

အချစ်တစ်ခုက ဒုန်းစိုင်းလောနေလို့ ပြေလည်တာ မရှိပါဘူး။ စိတ်ရှည်ပြီး အချိန်ယူရပါတယ်။ ဒီအချစ်ရေးကစောင့်ရတာ ထိုက်တန်တယ်ဆိုရင် သင့်အနေနဲ့ စိတ်ရှည်သင့်ပါတယ်။ ရင်ဘတ်ကြီး ပေါက်ထွက်လောက်အောင် တွေ့ချင်လာရင်တောင် ကိုယ့်စိတ်ကို ပြန်ထိန်းပြီး စိတ်ရှည်သည်းခံသင့်ပါတယ်။

၆။ မကြိုးစားကြည့်ဘဲ အရှုံးမပေးပါနဲ့

LDRS အချစ်ရေးက လူတိုင်းအတွက် ခက်ခဲပါတယ်။ သင့်အချစ်က သူ့အတွက် စစ်မှန်တယ်၊ သူကလည်း သင့်အပေါ် တကယ်ချစ်တယ်ဆိုရင်တော့ ဒီဝေးကွာမှုက ထိုက်တန်ပါတယ်။ ဝေးသွားတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ အရှုံးမပေးဘဲနဲ့ ရိုးရိုးသားသား သစ္စာရှိရှိ ရှေ့ဆက်သင့်ပါတယ်။ သင့်ပျော်ရွှင်မှုကို ဝေးကွာမှု တစ်ခုတည်းကြောင့်နဲ့ အထိခိုက်မခံပါနဲ့။

Photo Source: Pinterest

By MyStyle Myanmar