တစ်ခါတလေ ကျွန်မတို့ ဘဝမှာ မပိုင်ဆိုင်နိုင်တဲ့အရာတွေအပေါ် တွေးပြီး စိတ်ညစ်တတ်ကြပါတယ်။ ဒီစိတ်တွေကြောင့် ကိုယ့်မှာရှိတဲ့အရာတွေအတွက် ကျေးဇူးတင်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ထိခိုက်လွယ်တတ်ကြပါတယ်။ စိတ်အတက်အကျ ပိုမြန်တတ်ကြပါတယ်။ မိန်းကလေးတွေအနေနဲ့ ကိုယ့်ဘဝမှာ မဖြစ်မနေ ကျေးဇူးတင်သင့်တဲ့ အရာ (၆) ခု ရှိပါတယ်။ ဒီလက်ဆောင် (၆) ခုက ဘာတွေလဲ ကြည့်လိုက်ရအောင်နော်-
၁။ သင့်ရဲ့ ခန္ဓာကိုယ်
ခေါင်းအစခြေအဆုံး လှပတဲ့ ကောက်ကြောင်းနဲ့ သင့်ခန္ဓာကိုယ်အတွက် ကျေးဇူးတင်သင့်ပါတယ်။ ဒီလို ခန္ဓာကိုယ်မျိုး ယောကျာ်းလေးတွေ မရနိုင်ပါဘူး။ မိန်းကလေးတိုင်း လှပတဲ့ ကောက်ကြောင်း ပိုင်ဆိုင်ထားတတ်ကြပါတယ်။
၂။ ဘဝတစ်ခုကို ဖန်တီးနိုင်စွမ်း
ဒီကမ္ဘာမှာ လူသားတစ်ဦး ဖြစ်လာအောင် ဖန်တီးနိုင်စွမ်းရှိသူက မိန်းကလေးတွေပါပဲ။ သားသားမီးမီးလေးတွေကို လူ့ဘဝထဲ ခေါ်လာပေးတာ မိခင် အမျိုးသမီးတွေပါပဲ။ ဒီအရာအတွက် သင့်ကိုယ်သင် ကျေးဇူးတင်သင့်ပါတယ်။
၃။ စိတ်ထိခိုက်လွယ်တဲ့ စိတ်
တစ်ခုခု ဝမ်းနည်းစရာတွေ့ရင် ငိုမိတာ၊ စိတ်မကောင်းဖြစ်မိတာတွေက မိန်းကလေးတွေရဲ့ ဖြစ်တတ်တဲ့ အကျင့်တစ်ခုပါပဲ။ စိတ်ထိခိုက်လွယ်တာလည်း မိန်းကလေးတွေပါပဲ။ ဒီစိတ်ကြောင့်ပဲ သင်ဟာ အရင်ကထက် တခြားသူတွေအပေါ် ကြင်နာတတ်တဲ့၊ ဂရုစိုက်တတ်တဲ့ သူဖြစ်လာတာပါ။ ဒါအတွက် ကိုယ့်ကိုကိုယ် ကျေးဇူးတင်သင့်ပါတယ်။
၄။ ကိုယ်ချင်းစာစိတ်
မိန်းကလေးအများစုက တခြားသူ ခံစားရတဲ့ ခံစားချက်ကို နားလည်တတ်ကြပါတယ်။ သူ့နေရာမှာ ကိုယ်သာ ဆိုရင် ဆိုတဲ့ စိတ်ကလေး ရှိတတ်ပါတယ်။ ဒီစိတ်ကြောင့်ပဲ ကူညီတတ်တဲ့ စိတ်တစ်ခု ဖြစ်ပေါ်လာတာပါ။ ဒါကို ကျေးဇူးတင်သင့်ပါတယ်။
၅။ ကိုယ့်သူငယ်ချင်းနဲ့ မိသားစု
သင့်ဘဝမှာ သင်ချစ်ရတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ ဝန်းရံနေတတ်ကြပါတယ်။ အခုချိန်မှာ မိသားစုနဲ့ သူငယ်ချင်းတွေကို ပိုင်ဆိုင်ထားရတာ ကံကောင်းမှု တစ်ခုပါပဲ။ ဒီအရာကို တန်ဖိုးထား ကျေးဇူးတင်သင့်ပါတယ်။
၆။ ဒီနေ့
နေ့ရက်တိုင်းက သင့်အတွက်လက်ဆောင်ပါပဲ။ နေ့တစ်နေ့ကို ဘာအထိအခိုက်မှမရှိဘဲ နိုးထရတာက ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ဖို့ သင့်အတွက် အခွင့်အရေးပါပဲ။ ဒါကြောင့် နေ့ရက်တိုင်းကို ကျေးဇူးတင်ပြီး အကောင်းမြင်စိတ်နဲ့ နေထိုင်သင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar