အရည်အချင်းရှိတဲ့ အမျိုးသမီးတွေဟာ သူတို့ဖြစ်ချင်တဲ့အရာတွေဖြစ်လာဖို့နဲ့ အနာဂတ်မှာ ထိုက်တန်တဲ့ အောင်မြင်မှုရရှိဖို့ အရာရာကို ကြိုးစားအားထုတ်လေ့ရှိကြပါတယ်။ ဘဝအောင်မြင်မှု အမြန်ဆုံးရဖို့ဆိုရင် တိကျတဲ့ အစီအစဉ်နဲ့ပန်းတိုင်တွေရှိဖို့လိုပါတယ်။ ဒီလို အခြေခံ Goals တွေ မသတ်မှတ်ထားဘူးဆိုရင်တော့ ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေနဲ့လွဲချော်ပြီး အလွယ်တကူအရှုံးပေးလိုက်ရတာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ပျိုမေတို့လိုချင်တဲ့ ဘဝအောင်မြင်ရေးလမ်းကြောင်းပေါ်ကိုအမြန်ဆုံး ရောက်ရှိနိုင်ဖို့ ရှိထားသင့်တဲ့ ကိုယ်ပိုင် Goals တွေအကြောင်းကိုပြောပြချင်ပါတယ်။

ပိုက်ဆံစုပါ။

ပိုက်ဆံပုံမှန်စုတာက လွယ်သယောင်နဲ့ခက်နေတတ်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အနာဂတ်မှာ လိုချင်တဲ့နေထိုင်မှုပုံစံရရှိဖို့ အထောက်အကူပြုနိုင်တာကြောင့် Goal တစ်ခုအနေနဲ့ သတ်မှတ်ပြီး ပုံမှန်စုပေးဖို့ လိုပါတယ်။ လိုချင်တဲ့ပမာဏကို Goal အနေနဲ့သတ်မှတ်ထားပြီး ပြည့်တဲ့အထိစုတာက မလိုအပ်တဲ့နေရာတွေ မှာ အလွယ်တကူမသုံးမိအောင် ကိုယ့်ကိုကိုယ် တားဆီးပြီးသားလည်းဖြစ်စေပါတယ်။

မှန်ကန်တဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုရွေးချယ်ပါ။

အလုပ်လုပ်တဲ့အခါမှာ ဘွဲ့၊ ဒီဂရီတွေကိုအခြေခံပြီး လုပ်ငန်းလုပ်ကိုင်ကြတဲ့သူတွေလဲရှိသလို လုပ်ငန်းခွင် တန်းဝင်တတ်ကြတဲ့သူတွေလည်းရှိပါတယ်။ တန်ဖိုးရှိတဲ့သင့်ရဲ့ အချိန်တွေအလဟဿမဖြစ်စေဖို့ အမှန်တကယ်စိတ်ဝင်စားတဲ့လုပ်ငန်းမျိုးကို လုပ်ကိုင်နိုင်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ ကိုယ့်ရဲ့အရည်အချင်းမျိုးစုံကိုအသုံးချနိုင်တဲ့အပြင် တက်လမ်းနဲ့အခွင့်အရေးတွေပါဖန်တီးပေးနိုင်တဲ့ အလုပ်မျိုး ရွေးချယ်လုပ်ကိုင်နိုင်ရမယ်ဆိုတဲ့ Goal တစ်ခုကို သတ်မှတ်ထားပေးသင့်ပါတယ်။

ချက်ပြုတ်တတ်ဖို့သင်ယူကြည့်ပါ။

အိမ်မှာကိုယ်တိုင်ချက်ပြုတ်စားသောက်တာက ကိုယ့်ရဲ့စားသောက်ပုံကို အပြည့်အဝဂရုစိုက်ပြီးသား ဖြစ်တာကြောင့် ကိုယ့်ကိုကိုယ်အာရုံစိုက်ရာလည်းရောက်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်မိသားစုနဲ့ မိတ်ဆွေတွေအတွက် အရသာရှိတဲ့အစားအသောက်တွေ ကိုယ်တိုင်ချက်ပြုတ်ပေးခြင်းနဲ့လည်း သင့်ရဲ့ဂရုစိုက်မှုကို ဖော်ပြနိုင်ပါတယ်။

တစ်ယောက်ထဲလည်းပျော်အောင်နေပါ။

မိန်းကလေးအများစုက ကိုယ့်ကိုသဘောကျမယ့်သူတွေသာရှိရင် တစ်ယောက်ထဲနေရတာထက် ပိုပြီးပျော်ရွှင်နိုင်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အခြားသူတွေက သင့်ကိုအမြဲတမ်း ပျော်ရွှင်အောင် မဖန်တီးပေးနိုင်တဲ့အပြင် ကိုယ့်ကြောင့်တစ်ဖက်လူအပေါ် ဖိအားဖြစ်စေနိုင်တာကိုလည်း သတိထားသင့်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့အရာတွေသိဖို့နဲ့ ကိုယ့်ကိုကိုယ်အချိန်ပေးနိုင်ဖို့အတွက် တစ်ယောက်ထဲ နေကြည့်ဖို့လိုပါတယ်။ ကိုယ့်ကိုကိုယ်သိမှသာ ပြည့်စုံတဲ့ပျော်ရွှင်မှုကိုခံစားရမှာပါ။

ကျန်းမာအောင်နေထိုင်ပါ။

ငယ်ရွယ်တဲ့အချိန်ကတည်းက မျှတကျန်းမာတဲ့ နေ့စဉ် Lifestyle တစ်ခုပိုင်ဆိုင်အောင်ပြုလုပ်မယ့် Goal တစ်ခု သတ်မှတ်ထားသင့်ပါတယ်။ ကောင်းမွန်တဲ့ Lifestyle မှာတော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအသောက်တွေ ရွေးချယ်စားသောက်ခြင်း၊ ရေများများသောက်ခြင်းနဲ့ ပုံမှန်လှုပ်လှုပ်ရှားရှားနေခြင်းတွေပါဝင်ပါတယ်။ အသင့်စား အပြင်အစားအသောက်တွေကိုကြိုက်တတ်တဲ့သူတွေအနေနဲ့လည်း အချိန်တစ်ခုသတ်မှတ်ပြီး တစ်ခါတစ်ရံ စားသုံးတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

အသစ်အဆန်းတွေပြုလုပ်ကြည့်ပါ။

ကိုယ်လုပ်နေကျမဟုတ်တဲ့ အသစ်အဆန်းတွေကိုစမ်းလုပ်ကြည့်တာက ကိုယ့်အကြောင်းကိုယ်ပိုသိနိုင်ဖို့ လမ်းစတစ်ခုပါပဲ။ ဒါကြောင့် မတူညီတဲ့အရာတွေပြုလုပ်နိုင်မယ့် Goal တစ်ခုထားပေးပါ။ ဥပမာ မစားဖူးတဲ့ အစားအသောက်တစ်ခုကိုပြောင်းစားကြည့်တာ မရောက်ဖူးတဲ့နေရာတွေကို သွားလေ့လာတာစတဲ့ ရိုးရှင်းတဲ့ အရာတွေကိုလည်း စမ်းသပ်ပြုလုပ်လို့ရပါတယ်။ ဒီလိုအသစ်အဆန်းတွေ ကြိုးစားဖို့အချိန်ပေးနိုင်ခြင်းက သင့်အတွက် ထူးခြားတဲ့အတွေ့အကြုံတွေနဲ့ အခွင့်အရေးတွေရရှိစေနိုင်ပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar