မိန်းကလေးတွေပဲဖြစ်ဖြစ် ယောကျ်ားလေးတွေပဲဖြစ်ဖြစ် ကိုယ့်ရဲ့အသားအရေလေး နဂိုထက်ပိုကောင်းလာပြီး ရုပ်ရည်အသွင်အပြင် ပိုမိုကြည့်ကောင်းလာစေဖို့အတွက် အလှကုန်ပစ္စည်းတွေကို အများအပြားဝယ်သုံးကြတတ်ပါတယ်။ ဈေးကြီးပေးဝယ်ရလည်း ကိုယ့်အသားအရေပိုလှလာဖို့က ပိုအရေးကြီးတာမို့ မျက်စိစုံမှိတ်ပြီးတော့ကို ဝယ်သုံးကြပေမယ့်လည်း ကိုယ်မျှော်လင့်ထားတဲ့ရလဒ်ထွက်မလာတော့ ပိုက်ဆံကုန် အချိန်ကုန်တာပဲ အဖတ်တင်သွားလို့ စိတ်ပျက်ရတာကလည်း ခဏခဏပါပဲ။
Source: Times Now
နောက်ပြီး တချို့အလှကုန်ပစ္စည်းတွေမှာဆိုရင် ဓာတုဆေးဝါးတွေပါတာမို့လို့ ကြာရှည်သုံးမယ်ဆိုရင် ကိုယ့်အသားအရေကိုတောင် ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘေးထွက်ဆိုးကျိုးမရှိနိုင်တဲ့ သဘာဝပစ္စည်းတွေကိုအသုံးပြုပြီး အသားအရေကို ထိန်းသိမ်းလိုက်ပါ။ စတော်ဘယ်ရီသီးပေါင်းတင်နည်းလေးတွေက ဘယ်လောက်ပဲ ခြောက်သွေ့၊ ပျက်စီး၊ ကြမ်းတမ်းညစ်ပေနေတဲ့ အသားအရေပဲဖြစ်ပါစေ ပြန်လည်ကောင်းမွန်လာစေမှာပါ။
ဒါဆိုရင်တော့ ကိုယ့်အသားအရေအမျိုးအစားပေါ်မူတည်ပြီးတော့ အသုံးပြုနိုင်တဲ့ စတော်ဘယ်ရီသီးပေါင်းတင်နည်းသုံးမျိုးကို ဖော်ပြပေးလိုက်ရပါတယ်။
ခြောက်သွေ့တဲ့အသားအရေ
စတော်ဘယ်ရီသီး ၂ လုံး ၃ လုံးကို ပန်းကန်လုံးတစ်ခုထဲမှာ ကျိတ်ခြေပေးပါ။ ပျစ်နှစ်တဲ့နို့ခရင်မ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို စတော်ဘယ်ရီသီးအနှစ်နဲ့ပေါင်းစပ်ကာ အနှစ်ရအောင်မွှေပေးပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၀ မိနစ်လောက်ကြာပြီးနောက် မျက်နှာသစ်ပေးပါ။
အဆီပြန်တဲ့အသားအရေ
စတော်ဘယ်ရီသီး ၂ လုံး ၃ လုံးကို ပန်းကန်လုံးတစ်ခုထဲမှာ ကျိတ်ခြေပြီးနောက် သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့နဲ့ ပေါင်းစပ်ကာ အနှစ်ရအောင်ရောမွှေပေးပါ။ အနှစ်ရပြီဆိုပါက မျက်နှာမှာလိမ်းပေးနိုင်ပါတယ်။
ပုံမှန်အသားအရေအတွက်
ပန်းကန်လုံးတစ်ခုထဲမှာ စတော်ဘယ်ရီသီး ၂ လုံး ၃ လုံးကို ခြေပြီးနောက် နွားနို့ စားပွဲတင်ဇွန်း ၁−၂ ဇွန်း၊ လတ်လတ်ဆတ်ညှစ်ထားတဲ့ သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့နဲ့အတူ ရောစပ်ကာ အနှစ်ရအောင်မွှေပေးပါ။