ဆံပင်အတွက်လိုအပ်တဲ့အဆီဓာတ်နဲ့ရေဓာတ်တွေခမ်းခြောက်လာတဲ့အခါမျိုးမှာ ဆံသားကြမ်းတမ်း ခြောက်သွေ့ခြင်းနဲ့ အဖျားနှစ်ခွဖြစ်ခြင်းတွေကိုခံစားရလေ့ရှိပါတယ်။ သင့်ဆံပင်က အဖျားနှစ်ခွဖြစ်ပြီး အလွယ်တကူကြမ်းတမ်းခြောက်သွေ့လာပြီဆိုရင်တော့ ထိရောက်တဲ့နည်းလမ်းတွေနဲ့အတူ ပုံမှန်ဂရုစိုက်မှုပေးဖို့ လိုလာပြီဆိုတာကို သတိပြုဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ စိတ်ရှုပ်စရာကောင်းတဲ့ ဆံသားအဖျားနှစ်ခွဖြစ်ခြင်းကိုသက်သာစေဖို့ လွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ ဆံပင်အဖျားတွေကိုပုံမှန်တိပေးပါ

တော်တော်များများက ဆံပင်အရှည်မြန်ချင်ရင် ဆံပင်အဖျားတွေကိုပုံမှန်တိပေးဖို့လိုတယ်လို့ ယူဆလေ့ရှိကြပါတယ်။ ဆံပင်အဖျားကိုပုံမှန်တိပေးတာက ဆံသားနှစ်ခွမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် သင့်ဆံပင်အဖျားတွေကိုတစ်လတစ်ကြိမ် ဒါမှမဟုတ် နှစ်လတစ်ကြိမ် ပုံမှန်ညှပ်ပေးသင့်ပါတယ်။

၂။ ဆံသားကိုခဏခဏအပူပေးပြီးပုံသွင်းတာမျိုးကိုရှောင်ပါ

ဆံသားကိုအပူပေးပြီးပုံသွင်းခြင်းကိုတတ်နိုင်သလောက်ရှောင်တာက ဆံပင်ပျက်စီးခြင်းနဲ့ နောက်ဆက်တွဲ အဖျားနှစ်ခွဖြစ်ခြင်းကိုလည်း ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ သင့် ဆံသားတွေ အပူဒဏ်ကြောင့် ခြောက်သွေ့ပျက်စီးတာမျိုးမဖြစ်ရအောင် အကာအကွယ်မရှိဘဲ နေပူထဲထွက်ခြင်းနဲ့ ခေါင်းလျှော်ပြီးတိုင်း Dryer မှ လေပူများအသုံးပြုပြီး ဆံပင်အခြောက်ခံခြင်းစတာတွေကိုလည်းရှောင်သင့်ပါတယ်။

၃။ Deep Conditioner ပုံမှန်သုံးပေးပါ

ခေါင်းလျှော်တဲ့အခါမှာ ပေါင်းဆေးပုံမှန်သုံးပေးတာက ဆံသားအတွက်လိုအပ်တဲ့အစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းပေးပြီး နူးညံ့ပျော့ပြောင်းစေဖို့ကူညီပေးနိုင်ပါတယ်။ ဆံသားပျက်စီးခြင်းကိုကာကွယ်နိုင်ပြီး အစိုဓာတ်ပြည့်ဝတဲ့ဆံသားရဖို့ ပေါင်းဆေးအပြင် Hair Mask တွေနဲ့လည်း တစ်လနှစ်ခါလောက်ပုံမှန်ထိန်းသိမ်း ပေးဖို့လိုပါတယ်။

၄။ Hair Serum လိမ်းပါ

Hair Serum ကောင်းကောင်းတစ်ခုနဲ့ ဆံပင်အဖျားတွေကိုလိမ်းပေးတာက ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်နဲ့ အစိုဓာတ်တွေဖြည့်ပေးနိုင်ပြီး အဖျားနှစ်ခွဖြစ်ခြင်းနဲ့ အခြားသောဆံသားပျက်စီးခြင်းတွေ မဖြစ်အောင်တားဆီးပေးနိုင်ပါတယ်။

၅။ အသွားကျဲတဲ့ဘီးတွေကိုအသုံးပြုပါ

Brush တွေနဲ့အသွားစိပ်တဲ့ဘီးတွေက ဆံပင်ကျွတ်စေတဲ့အပြင် ဆံပင်ထုံးခြင်းနဲ့ပြတ်ထွက်ခြင်းတွေလည်း အလွယ်တကူဖြစ်တတ်ပါတယ်။ ဆံသားကျွမ်းကျင်သူတွေက ဆံပင်ကောက်တဲ့သူတွေအပြင် ဖြောင့်တဲ့သူတွေပါ Brush ထက် ရိုးရိုးအသွားကျဲတဲ့ဘီးတွေကိုသုံးသင့်တယ်လို့အကြံပြုထားပါတယ်။ ဒါကြောင့် ဆံပင်အထုံးတွေနဲ့ ငြိနေတဲ့ဆံပင်တွေကိုရှင်းတဲ့အခါ အသွားကျဲတဲ့ဘီး ဒါမှမဟုတ် လက်ချောင်းတွေကို အသုံးပြုပြီးရှင်းလင်းသင့်ပါတယ်။

၆။ သဘာဝအဆီအချို့လိမ်းပေးပါ

အိမ်တွင်းအသုံးပြုတဲ့ သဘာဝအဆီတော်တော်များများကလည်း ဆံပင်သန်စွမ်းစေဖို့အကူအညီပေးနိုင်ပါတယ်။ ဆံသားအဖျားနှစ်ခွဖြစ်ခြင်းကိုကာကွယ်ဖို့ ဓာတုပစ္စည်းမပါဝင်တဲ့ သံလွင်ဆီနဲ့ အုန်းဆီစတာတွေကို ခေါင်းမလျှော်ခင် ဦးရေပြားအနှံ့မိနစ် ၃၀ ခန့်လိမ်းထားပြီး ခေါင်းလျှော်ရည်နဲ့လျှော်ချပေးပါ။ ဆံသားကို အစိုဓာတ်လည်းပြည့်ဝစေတာကြောင့် Serum အစားထိုးအနေနဲ့လည်းအသုံးပြုနိုင်ပါတယ်။

၇။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအသောက်တွေစားပါ

ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအသောက်တွေစားဖို့လိုအပ်သလို ဆံသားအတွက်လည်းအလားတူဖြစ်ပါတယ်။ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းကိုကာကွယ်ပြီး အာဟာရပြည့်ဝတဲ့ ဆံသားရရှိဖို့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆီဓာတ်နဲ့ပရိုတင်းဓာတ်တွေပါဝင်တဲ့ အသီးအရွက်၊ ဂျုံနဲ့ နို့ထွက်ပစ္စည်းတွေကို မျှတအောင်စားသုံးပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar