တစ်နေ့တာရဲ့ဘယ်အချိန်မှာ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အတွက် ပိုထိရောက်မှုရှိနိုင်တယ်လို့ သင်ထင်ပါသလဲ။ လူတစ်ချို့က မနက်စောစောထပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ရတာကိုနှစ်ခြိုက်တတ်ကြပေမယ့် တစ်ချို့တွေကတော့ နောက်ကျမှ အိပ်ရာထလေ့ရှိတဲ့အတွက် တစ်နေ့တာအလုပ်ပြီးတဲ့ ညနေခင်းအချိန်မှာမှ လေ့ကျင့်ခန်းလုပ်လေ့ရှိကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘယ်အချိန်မှာ Workout လုပ်သင့်လဲ ဝေခွဲမရဖြစ်နေတဲ့ ပျိုမေတို့အတွက် မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်သင့်တဲ့ အကြောင်းအရင်းတွေနဲ့အတူ ရရှိနိုင်တဲ့ အကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။
၁။ အစာချေဖျက်မှုစနစ်ကောင်းမွန်စေတယ်
လေ့လာမှုတွေအရ မနက်ပိုင်းမှာလေ့ကျင့်ခန်းလုပ်တာက အစာချေစနစ်ကိုလှုံဆော်ပေးတဲ့အတွက် တစ်နေ့တာလုံး အစာချေဖျက်မှုအားကောင်းစေပါတယ်။ အလေး မခြင်းလိုမျိုး ကြွက်သားဖွံ့ဖြိုးမှုနဲ့ဆိုင်တဲ့ လေ့ကျင့်ခန်းတွေကို မနက်ပိုင်းမှာပြုလုပ်ပေးတာက သင့်အစာချေစနစ်ကို ပိုမိုကောင်းမွန်စေမှာပါ။
၂။ စိတ်ပေါ့ပါးစေတယ်
မနက်ခင်း အလုပ်မလုပ်ခင်မှာ Workout လုပ်လိုက်တာက သင့်ကိုအိပ်ချင်ပြေပြီး ခေါင်းကြည်စေပါတယ်။ အလုပ်လုပ်တဲ့အချိန်မှာလည်း စိတ်ကြည်လင်ပြီး တစ်နေ့လုံးနိုးနိုးကြားကြားဖြစ်အောင်လည်း ကူညီပေးနိုင် ပါတယ်။
၃။ လူရှင်းပြီးတိတ်ဆိတ်တယ်
များသောအားဖြင့် Gym တွေက မနက်ပိုင်းမှာ ပိုပြီးလူရှင်းတာကြောင့် မနက်စောစော Workout သွားလုပ်တာက ညနေပိုင်းလောက်အချိန်ယူစရာမလိုဘဲ အချိန်တိုအတွင်းပြီးအောင်လုပ်နိုင်ပါတယ်။ အိမ်မှာ လေကျင့်ခန်းလုပ်တတ်တဲ့သူတွေအတွက်လည်း မနက်ခင်းက အခြားအချိန်တွေထက် တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ကိုရရှိစေပါတယ်။
၄။ အချိန်မှန်မှန်လုပ်နိုင်မယ်
နောက်ထပ် မနက်ပိုင်းလေ့ကျင့်ခန်းလုပ်သင့်တဲ့အကြောင်းရင်းကတော့ မနက်ပိုင်းကသင့်ကိုပိုပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်အောင်ကူညီပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ ညနေပိုင်းမှာဆိုရင် အလုပ်မပီးသေးတာမျိုး အလုပ်တွေနဲ့ပင်ပန်းတာကြောင့် လေ့ကျင့်ခန်းမလုပ်နိုင်တော့တာမျိုးတွေဖြစ်နိုင်ပေမယ့် မနက်ခင်းမှာတော့ဒါတွေမရှိသေးပါဘူး။
၅။ အိပ်ရေးပို၀စေပါတယ်
Workout လုပ်တာက သင့်ကိုတက်ကြွစေတာကြောင့် ညနေပိုင်းမှလုပ်မယ်ဆိုရင် လွယ်လွယ်နဲ့အိပ်ချင်စိတ် မဖြစ်ဘဲ အိပ်ရာဝင်နောက်ကျနိုင်ပါတယ်။ မနက်ပိုင်းမှာ Workout လုပ်တာက အိပ်ချိန်ထချိန်မှန်စေတဲ့အပြင် မနက်နိုးနိုးချင်းဖြစ်တဲ့အတွက် အိပ်ရေး၀၀နဲ့ လေ့ကျင့်ခန်းလုပ်ရသလို ခံစားရစေပါတယ်။
၆။ ကယ်လိုရီပိုလောင်ကျွမ်းစေတယ်
မနက်ခင်းဟာ နေ့တစ်နေ့ရဲ့အစဖြစ်တာကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ အားအင်အပြည့်နဲ့ အချိန်ကြာကြာ လုပ်နိုင်လေ့ရှိတဲ့အတွက် အခြားအချိန်တွေထက်ပိုပြီး ကယ်လိုရီများများ လောင်ကျွမ်းတတ်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
Photo Source: Pinterest
By MyStyle Myanmar