Healthy Lifestyle ဆိုတာကတော့ ယေဘုယျအားဖြင့် ကျန်းမာတဲ့ ခန္ဓာကိုယ်၊ ငြိမ်းချမ်းတဲ့ စိတ်နေစိတ်ထားနဲ့ ပေါ့ပါးတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီလို ဘဝနေထိုင်မှုကို ရဖို့ ပြောရတာ လွယ်ကူပေမယ့် တကယ် လုပ်တဲ့အချိန် ခက်ခဲနေတတ်ပါတယ်။ သင်က ကျန်းမာတဲ့ ဘဝနေထိုင်မှုကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ အောက်က အချက်တွေကို လုပ်ပြီးနေပါပြီ။ အခုမှ စပြီး ပြောင်းလဲချင်သူတွေအနေနဲ့ ဒီထဲ ပြောထားတဲ့ အချက်တွေအတိုင်း စလုပ်သင့်ပါတယ်။
ကိုယ့်ကိုကိုယ် လုံးဝ ပြောင်းလဲပစ်တာမျိုး မဟုတ်ဘဲ နည်းနည်းစီ စတင်နိုင်ဖို့ ရည်ရွယ်ပါတယ်။
၁။ လွယ်ကူတဲ့ လေ့ကျင့်ခန်းကနေ စတင်ပါ
လေ့ကျင့်ခန်း အခုမှ စလုပ်သူတွေအနေနဲ့ စစချင်းမှာပဲ ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေကို မရွေးသင့်ပါဘူး။ ကျန်းမာတဲ့ ဘဝနေထိုင်မှုကို စတင်ဖို့ လွယ်ကူတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ယောဂကျင့်တာ စတဲ့ လေ့ကျင့်ခန်းတွေကို စလုပ်သင့်ပါတယ်။
၂။ အိပ်ချိန်
ကျန်းမာတဲ့ နေထိုင်မှုပုံစံဆီ ပြောင်းလဲဖို့ အိပ်ချိန်ကို တန်ဖိုးထားသင့်ပါတယ်။ အိပ်ချိန်က လူတစ်ယောက်နဲ့တစ်ယောက်တော့ တူမှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ၇ နာရီ ပြည့်အောင် အိပ်ပေးရပါမယ်။
၃။ ပမာဏနည်းနည်းစီ
နဂိုစားနေကျ အစားအသောက်တွေ တင်မက ပရိုတင်းပမာဏ ပါဝင်မှုများတဲ့ အစားအသောက်တွေကို နည်းနည်းစီ စားရာကနေ စတင်သင့်ပါတယ်။ ပရိုတင်းပါဝင်တဲ့ အစားအသောက်တွေကို နေ့တိုင်း စားဖို့ ကိုယ့်ကိုကိုယ် ကတိပေးထားရပါမယ်။ အများကြီး စားစရာမလိုဘဲ နည်းနည်းစီ စားပြီး Healthy Lifestyle ကို ပျိုးထောင်သင့်ပါတယ်။
၄။ ရေသောက်ပါ
ဒါကတော့ ကျန်းမာဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် အချက်ပါပဲ။ ကိုယ့်ဘေးမှာ ရေတစ်ဘူး အမြဲချပေးထားတာက ရေသောက်ဖို့ သတိပေးရာ ရောက်သလို ရေပိုသောက်ဖြစ်စေပါတယ်။ ရေများများ သောက်တဲ့ အကျင့်ကို စတင်သင့်ပါတယ်။
၅။ ၅ မိနစ်
အသက်ရှူလေ့ကျင့်ခန်း၊ ဒါမှမဟုတ် တရားထိုင်ခြင်းကို တစ်နေ့ ငါးမိနစ် စလုပ်သင့်ပါတယ်။ ဒီငါးမိနစ်အတွင်း ဘာမှ မတွေးဘဲ ဝင်လေထွက်လေကိုပဲ အာရုံစိုက်သင့်ပါတယ်။ ၅ မိနစ်ကနေ ၁၀ မိနစ်၊ မိနစ် ၃၀ အထိ တိုးပြီး ပြုလုပ်သွားနိုင်ပါတယ်။
၆။ စာဖတ်ခြင်း
ပျော်ရွှင်ကျန်းမာတဲ့ ဘဝပုံစံကို နေထိုင်နိုင်ဖို့ စာအုပ်ဖတ်ခြင်းကလည်း အရေးပါပါတယ်။ တစ်နေ့ကို ၁၀ မိနစ် စာအုပ်စဖတ်ရာကနေ တရားထိုင်သလိုပဲ မိနစ်တိုးပြီး ကြိုးစားသင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar